မြန်မာနိုင်ငံ ပြည်တွင်းကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄) ဝန်းကျင်ရှိ မြေငလျင်များ ရက်ခြားလှုပ်ခတ်နေ

0
164

မြန်မာနိုင်ငံ ပြည်တွင်းကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄) ဝန်းကျင်ရှိ မြေငလျင်များ ရက်ခြားလှုပ်ခတ်နေပြီး ဇူလိုင်လ ၁၁ ရက်က ညပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄)အဆင့် အင်အားရှိ မြေငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၀)နာရီ၊ (၃၆)မိနစ်၊ (၀၁) စက္ကန့် အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် မိုင် (၅၀) ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကလေးမြို့၏ အရှေ့-အရှေ့မြောက်ဘက် (၄) မိုင် ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၃.၂၀) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၁၁)ဒီဂရီ၊ အနက် (၆၅) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၀)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးဇလက ကြေညာခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းကလည်း နှစ်ရက်အတွင်း မြန်မာနိုင်ငံပြည်တွင်း (၃) နေရာ၌ အင်အား ရစ်(ခ်)တာစကေး (၄) အဆင့်ဝန်းကျင်ရှိ မြေငလျင်များ ရက်ဆက်လှုပ်ခတ်ခဲ့ပြီး မြန်မာနိုင်ငံပြင်ပကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့် ငလျင်များလည်း ဖြစ်ပွားခဲ့သည်။

ပြည်တွင်းကို ဗဟိုပြုလှုပ်ခတ်ခဲ့သော ငလျင်များမှာ ဇူလိုင်လ ၄ ရက်၊ နေ့လည် ၁ နာရီ ၅၅ မိနစ် ၄၀ စက္ကန့်က ကချင်ပြည်နယ်၊ တနိုင်းမြို့၏ အနောက်-အနောက်မြောက်ဘက်(၃၈) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ်(၂၆ ဒသမ ၅၅) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်(၉၆ ဒသမ ၁၅)ဒီဂရီ၊ အနက်(၇၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး(၄ ဒသမ ၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်းလည်း မိုးဇလက ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ဇူလိုင်လ (၅) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၄)နာရီ၊ (၁၇)မိနစ်၊ (၂၈)စက္ကန့် အချိန်တွင် စစ်တွေမြေငလျင်စခန်းမှ မြောက်-အရှေ့မြောက်ဘက် (၇၉) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ပလက်ဝမြို၏ အရှေ့-အရှေ့တောင်ဘက် (၂၅) မိုင်ခန့်အကွာ)၊ မြောက်လတ္တီ တွဒ် (၂၁.၂၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၂၃) ဒီဂရီ၊ အနက် (၆၄) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၄) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးဇလက ထုတ်ပြန်ကြေညာခဲ့သည်။

ထပ်မံ၍ ဇူလိုင်လ (၅) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၃)နာရီ၊ (၄၂)မိနစ်၊ (၂၈) စက္ကန့်အချိန် တွင် ပြည်မြေငလျင်စခန်းမှ တောင်-အရှေ့တောင်ဘက် (၃၃) မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (မြန်အောင်မြို့၏ မြောက်-အနောက်မြောက်ဘက် (၃) မိုင် ခန့်အကွာ)၊ မြောက်လတ္တီ တွဒ် (၁၈.၃၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၃၁)ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၃ ဒသမ ၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံပြင်ပကို ဗဟိုပြုလှုပ်ခတ်ခဲ့သော ငလျင်မှာ ဇူလိုင်လ (၁) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၃) နာရီ၊ (၅၉) မိနစ်၊ (၄၁) စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် (၁၂၇၇) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (South Indian Ocean)၊ တောင်လတ္တီတွဒ် (၀.၂၀) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၈၈.၇၀) ဒီဂရီ၊ အနက် (၁၁) ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၆.၀) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။

ငလျင်ပြင်းအား သတ်မှတ်ချက်အရ ငလျင်ပမာဏ ရစ်(ခ်)တာစကေး ၄ နှင့် ၄ ဒသမ ၉ ကြားသည် လူတိုင်းလိုလို ခံစားမိသော အခြေအနေဖြစ်ပြီး ၅ နှင့် ၅ ဒသမ ၉ ကြားသည် ခိုင်ခံ့သော အဆောက်အအုံတွင် မပြောပလောက်သော ပျက်စီးမှု တွေ့ရသည့် အခြေအနေဖြစ်ကြောင်းနှင့် ငလျင်သည် အလျားလိုက်၊ အထက်အောက် လှုပ်ရှားနိုင်ပြီး ငလျင်၏ ပြင်းအား၊ အဆောက်အအုံ တည်ဆောက်ပုံ၊ တည်နေရာတို့အပေါ် မူတည်၍ ပျက်စီးမှုများ ကွာခြားနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here