RCSS နှင့် NSPNC တို့ ငြိမ်းချမ်းရေးညီလာခံကျင်းပရေး၊ ဒေသတည်ငြိမ်ရေး ကိစ္စများအား နေပြည်တော်တွင် ဆွေးနွေးနေ

0
82

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS)တို့ ဇူလိုင်လ (၁၁) ရက်မှ စတင်ကာ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယမန်နေ့က ပြုလုပ်သည့် ပထမနေ့ ဆွေးနွေးပွဲတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်ဆင်လိုသောအချက်များ၊ ယခင်ဆွေးနွေးပွဲများ၌ သဘောတူထားသည့်အချက်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးတို့ကိုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့အပြင် ငြိမ်းချမ်းရေး ညီလာခံကျင်းပရေး၊ ဒေသတည်ငြိမ်အေးချမ်းရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ ဖွံဖြိုးရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပံ့ပိုးရေး ကိစ္စရပ်များကိုလည်း နှစ်ဘက်တာဝန်ရှိသူများက အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်နှင့် ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များ၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး (၁) စဝ်စိုင်းငင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စဝ်ဆောင်းဟန်နှင့် ဗဟိုဦးစီးကော်မတီဝင် စဝ်စိုင်းဟန်တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

NSPNC နှင့် RCSS တို့အနေဖြင့် ယနေ့ ဇူလိုင်လ (၁၂) ရက်တွင်လည်း ဆွေးနွေးပွဲ ဒုတိယနေ့အဖြစ် ဆက်လက်ဆွေးနွေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here