သကြားဈေးနှုန်း အမြင့်စျေးတွင် ရှိနေပြီး လက်လီဈေးကွက်၌ တစ်ပိဿာ ကျပ် ၄၀၀၀ အထက် ရှိနေ

0
173

ကမ္ဘာ့သကြားစျေးနှုန်း အမြင့်စျေးတွင်ရှိနေသေးသည့်အတွက် ပြည်တွင်းသကြားစျေးနူန်းလည်း လိုက်ပါမြင့်တက်နေရာ လက်လီစျေးကွက်၌ တစ်ပိဿာ ကျပ် ၄၀၀၀ အထက် ရှိနေကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။

ပြည်တွင်း သကြားစျေးကွက်တွင် ကုန်စည်ဒိုင် လက်ကားစျေးအနေဖြင့် သကြားတစ်ပိဿာလျှင် ကျပ် ၃၂၀၀ မှ ၃၃၀၀ အထိရှိပြီး လက်လီစျေးကွက်တွင် အမြင့်ဆုံး ကျပ် ၄၀၀၀ ဝန်းကျင် ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့သကြားစျေးသည် ပြီးခဲ့သည့် ဇွန်လအတွင်းက သကြားတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၇၀၀ ဝန်းကျင်အထိရှိခဲ့ပြီး လက်ရှိတွင် တစ်တန် အမေရိကန်ဒေါ်လာ ၆၅၀ ဝန်းကျင်ရှိနေသေးကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လတွင် ပြည်တွင်းသကြားစျေးသည် တစ်ပိဿာလျှင် အမြင့်ဆုံး ကျပ် ၁၂၀၀ သာရှိခဲ့ရာမှ တစ်နှစ်အတွင်း တစ်ပိဿာ ကျပ် ၄၀၀၀ အထိမြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံးတွင် သကြားစက်ရုံပေါင်း (၂၃) ရုံရှိပြီး နှစ်စဥ်ထွက်ရှိသည့် သကြားတန်ချိန် ပျမ်းမျှ (၄) သိန်းရှိကြောင်းလည်း ပြည်တွင်းသကြား လုပ်ငန်းရှင်များထံမှ သိရသည်။

လက်ရှိတွင် ပြည်တွင်း၌ သကြားလက်ကျန် (၁) သိန်းနီး ပါးသာ ကျန်ရှိတော့သော်လည်း လာမည့် ကြံကြိတ်ခွဲရာသီအထိ ပြည်တွင်းစားသုံးမှု လုံလောက်နိုင်ကြောင်း သိရသည်။

ပြည်တွင်းသကြားကို ပြည်ပတင်ပို့မှုအနေဖြင့် ဗီယက်နမ်နိုင်ငံကိုသာ အဓိက အများဆုံး တင်ပို့နေပြီး ကြံမကြိတ်ခင်ကပင် ကြိုတင်စာချုပ်ချုပ်ဆိုထားသည့် သကြားတန်ချိန်များကိုသာ တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။

ယခုနှစ် မေလအထိ ဗီယက်နမ်နိုင်ငံသို့ သကြားတင်ပို့မှုအနေဖြင့် ပျှမ်းမျှတန်ချိန် (၉) သောင်းခန့် တင်ပို့ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here