(၃)လအတွင်း ပြည်ပသို့ မြေပဲတင်ပို့မှုမှ ဒေါ်လာ ၁၃ သန်းကျော် ရရှိထား

0
155

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ ဇွန်လအထိ (၃)လတာအတွင်း ပြည်ပသို့ မြေပဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၃ သန်းကျော်ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြေပဲသည် ပြည်တွင်း၊ ပြည်ပ ဈေးကွက်ရရှိသည့် ဆီထွက်သီးနှံတစ်မျိုးဖြစ်ပြီး ပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိသလို ပြည်တွင်း၌လည်း ဆီစက်များ၊ ပဲလှော်၊ ပဲကြော်လုပ်ငန်းများ၏ ဝယ်ယူမှုများလည်း ရှိနေခြင်းဖြစ်သည်။

ယခုဘဏ္ဍာနှစ် ဧပြီလမှ ဇွန်လအထိ (၃) လတာကာလအတွင်း မြေပဲကို ပင်လယ်ရေကြောင်း၊ ကုန်သွယ်ရေးလမ်းကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတို့မှတဆင့် တင်ပို့ခဲ့ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၃၈၈ သန်းဖိုး တင်ပို့ရောင်းချခဲ့ကြောင်း သိရသည်။

ယခု ဇူလိုင်လဆန်းပိုင်းတွင် ပြည်တွင်းမြေပဲဈေးကွက်မှာ မြေပဲဆီဆံအဖြူ တစ်ပိဿာလျှင် ကျပ် ၆၃၀၀၊ မြေပဲဆီဆံအနီ တစ်ပိဿာလျှင် ကျပ် ၇၇၀၀ ဈေးရှိနေပြီး ပြီးခဲ့သည့် ဇွန်လအတွင်းက ဈေးနှုန်းများထက် တစ်ပိဿာလျှင် ငွေကျပ် ၂၀၀ ဝန်းကျင် ဈေးမြင့်တက်လာကြောင်း သိရသည်။

ယင်းအပြင် မြေပဲလုံးဆံ ဈေးနှုန်းသည်လည်း အဖြူ တစ်ပိဿာလျှင် ကျပ် ၆၈၀၀၊ အနီတစ်ပိဿာလျှင် ကျပ် ၈၂၅၀ ရှိနေပြီး ပြီးခဲ့သည့် ဇွန်လကထက် တစ်ပိဿာ ကျပ် ၁၀၀ မှ ၁၅၀ အထိ ဈေးနှုန်းမြင့်တက်လာခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here