မုန်တိုင်းသင့်ဒေသများတွင် မွေးမြူရေးလုပ်ငန်းများ တိုးတက်စေရန် မြစိမ်းရောင်(အသားကဏ္ဍ)ကျေးရွာ ထူထောင်ခြင်းလုပ်ငန်း ဆောင်ရွက်နေ

0
175

ရခိုင်ပြည်နယ်၊ မုန်တိုင်းသင့်ဒေသများတွင် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အရင်းမပျောက်မတည်ရန်ပုံငွေဖြင့် မြစိမ်းရောင်(အသားကဏ္ဍ)ကျေးရွာထူထောင်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပြောကြားသည်။

“မိုခါ”မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်အတွင်း မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဇူလိုင်လ ၁၂ ရက်၊ နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ရခိုင်ပြည်နယ်အတွင်း မွေးမြူရေးဆိုင်ရာလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပြီး ယင်းပွဲတွင် ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“မိုခါ”မုန်တိုင်းတိုက်ခတ်မှုကြောင့် ပြည်နယ်အတွင်း မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများ၊ ကျွဲ၊ နွားများ ထိခိုက်ပျက်စီးခဲ့ကာ ခိုင်းကျွဲ၊ ခိုင်းနွားများ ထိခိုက်ပျက်စီးခဲ့မှုအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် အစီအမံများဆောင်ရွက်ထားကြောင်း သိရသည်။

ထို့ပြင် ဝက် ၊ကြက်မွေးမြူနေသူများကို မျိုးကောင်း၊ မျိုးသန့်သားပေါက်များရရှိနိုင်ရန် ချိတ်ဆက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မုန်တိုင်းသင့်ဒေသများတွင် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အရင်းမပျောက်မတည်ရန်ပုံငွေဖြင့် မြစိမ်းရောင်(အသားကဏ္ဍ)ကျေးရွာ ထူထောင်ခြင်းကိုလည်း လျာထားဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

မွေးမြူရေးလုပ်ငန်းများတိုးတက်စေရန် ခရိုင်နှင့် မြို့နယ်အလိုက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ ထုတ်ချေးပေးထားပြီး မြေပြင်တွင် အမှန်တကယ် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူများကို လိုအပ်သည့် နည်းပညာနှင့် ပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း ပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒု-ဝန်ကြီးဒေါက်တာအောင်ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ရခိုင်ပြည်နယ်အတွင်း မွေးမြူရေးကဏ္ဍဖွံဖြိုးတိုးတက်စေရေးအတွက် ဆက်လက်ဆောက်ရွက်မည့် လုပ်ငန်းအစီအမံများ၊ မွေးမြူရေးလုပ်ငန်းရှင်များမှလည်း မွေးမြူရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် တိုးချဲ့မွေးမြူနိုင်ရေးအတွက် လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here