နယ်စပ်ကုန်သွယ်ရေးမှတဆင့် ဆန်တင်ပို့ရောင်းချရန် ယူနန်အစိုးရနှင့် ဆွေးနွေးနေ

0
150

လက်ရှိတွင် မူဆယ်ဆန်လက်ကားဈေးကွက်အတွင်း အရောင်းအဝယ်အေးနေပြီး တရုတ်-မြန်မာနယ်စပ်မှတဆင့် ဆန်တင်ပို့မှုသည် ရပ်တန့်နေကြောင်း မူဆယ်အခြေစိုက် ဆန်ကုန်သည်များ၏ ပြောကြားချက်အရ သိရသည်။

နယ်စပ်ကုန်သွယ်ရေးမှတဆင့် ဆန်တင်ပို့ရောင်းချနိုင်ရန် ယူနန်ပြည်နယ်အစိုးရနှင့် ဆွေးနွေးနေကြောင်း နိုင်ငံပိုင် သတင်းစာတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောကြားထားသည်။

‘‘တရုတ်နိုင်ငံကို တင်ပို့တဲ့ ပမာဏက နည်းနည်းကျသွားတယ်။ ဒါပေမဲ့ တရုတ်ကို တင်ပို့နေတုန်းပါပဲ။ နယ်စပ်ကနေတဆင့် ယူနန်ကို တင်ပို့မှုက အလွန်နည်းပါတယ်’’ ဟု ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ဆိုသည်။

ပင်လယ်ရေကြောင်းမှတဆင့် ကွမ်ကျိုးနှင့် အခြားသော တရုတ်ဆိပ်ကမ်းများကို ဆန်တင်ပို့မှုများရှိနေကြောင်းလည်း သိရသည်။

မိုးတွင်းကာလဖြစ်သည့် ဇွန်၊ ဇူလိုင်နှင့် ဩဂုတ်လတွင် ဆန်/ဆန်ကွဲ တန်ချိန် ငါးသောင်း မှ တစ်သိန်းအကြား တင်ပို့နိုင်ပြီး ကျန်လများနှင့် ပွင့်လင်းရာသီတွင် တစ်လလျှင် တန်ချိန် နှစ်သိန်းခန့် တင်ပို့နိုင်ကြောင်းနှင့် ပင်လယ်ရေကြောင်းမှ တင်ပို့မှုကျဆင်းသွားသော်လည်း မြင့်မားသည့် ပို့ကုန်ဝင်ငွေ ရရှိထားပြီး ယခုနှစ်တွင် ဆန်တစ်တန် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၃၀၀ မှ ၄၀၀ ကျော်အထိ ရရှိနေကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများထံ ဆန်၊ ဆန်ကွဲ တန်ချိန် နှစ်သန်းခန့် တင်ပို့ရောင်းချနိုင်ရေး ရည်မှန်းထားပြီး တဖက်တွင်လည်း ပြည်တွင်းဆန်ဈေးနှုန်း မြင့်တက်နေမှုကို ဖြေရှင်းနိုင်ရေးအတွက် အဖြေရှာရန် စဉ်းစားနေကြောင်း နိုင်ငံပိုင်သတင်းစာတွင် အသိပေးပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here