မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်အားလုံး လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိ

0
168

မိုခါမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများအတွင်းရှိ ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံနှင့် ဆက်စပ်ပစ္စည်းများ ပျက်စီးသွားသည့် မြို့နယ် ၁၀ မြို့နယ်အား ဓာတ်အားစနစ်မှ ဓာတ်အားပြန်လည် ဖြန့်ဖြူးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဇူလိုင်လ ၁၃ ရက်တွင် အသိပေးကြေညာထားသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများအတွင်းရှိ မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသည့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ရာ စစ်တွေမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ကျောက်တော်မြို့၊ မြောက်ဦးမြို့၊ မင်းပြားမြို့၊ မြေပုံမြို့၊ ရသေ့တောင်မြို့နှင့် ပေါက်တောမြို့ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့အား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၇ ရက်၊ ဇွန်လ ၁၈ ရက်၊ ဇွန်လ ၂၃ ရက်နှင့် ဇူလိုင်လ ၅ ရက် စသည့်နေ့ရက်အသီးသီးတွင် ဓာတ်အားစနစ်မှ ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ကျန်ရှိနေသောမြို့များနှင့် ကျေးရွာများအား ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ခဲ့ရာ ၆၆ ကေဗွီ ရသေ့တောင်-ဘူးသီးတောင်ဓာတ်အားလိုင်း ပြန်လည်ပြုပြင် တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်သဖြင့် ၂၀၂၃ ခုနှစ် ဇွန်လ ၁၃ ရက်တွင် ဘူးသီးတောင်မြို့ရှိ ၆၆/၁၁ ကေဗွီ , (၅) အမ်ဗွီအေ ဘူးသီးတောင် ဓာတ်အားခွဲရုံ၏ (၁၁) ကေဗွီ ဖီဒါ (၄) ဖီဒါမှ ၁၁/၀.၄ ကေဗွီ ဖြန့်ဖြူးရေးထရန်စဖော်မာ ၇၅ လုံးဖြင့် မြို့ပေါ်ရပ်ကွက် ခုနစ်ရပ်ကွက်နှင့် ကျေးရွာ (၂၄) ရွာရှိ မီးသုံးသူ ၅,၂၇၃ ဦးတို့အား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ပြီဖြစ်သည်။

ဇူလိုင်လ ၁၃ ရက်၌ပင် ‌မောင်တောမြို့ရှိ ၆၆/၁၁ကေဗွီ , (၅) အမ်ဗွီအေ မောင်တောဓာတ်အားခွဲရုံ၏ (၁၁) ကေဗွီ ဖီဒါ (၄) ဖီဒါ မှ ၁၁/၀.၄ ကေဗွီ ဖြန့်ဖြူးရေးထရန်စဖော်မာ ၈၁ လုံးဖြင့် မြို့ပေါ်ရပ်ကွက် ၁၂ ရပ်ကွက်နှင့် ကျေးရွာ ၂၄ ရွာရှိ မီးသုံးသူ ၆,၄၇၄ ဦးတို့အား ဓာတ်အားစနစ်မှ အသီးသီး ဓာတ်အားပြန်လည်ဖြန့်ဖြူး ပေးထားနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-လျှပ်စစ်စွမ်းအားဝန်ကြီးဌာန


LEAVE A REPLY

Please enter your comment!
Please enter your name here