လေထုညစ်ညမ်းမှုရင်ဆိုင်​နေရသည်မြို့အများဆုံးမှာအာရှတိုက်ကဖြစ်​သော်လည်း မြန်မာနိုင်ငံမြို့အများစုမှာ လေထုအရည်အသွေးကောင်းမွန်

0
186

မြန်မာတစ်နိုင်ငံလုံးတွင် ဝန်းကျင်လေထု အရည်အသွေး လေ့လာဆန်းစစ်မှုအရ မြို့အများစုမှာ လေထုအရည်အသွေးကောင်းမွန်သည့် အဆင့်တွင်ရှိကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ဇူလိုင်လ(၁၃)ရက်တွင် အသိပေးထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတစ်ဝန်းရှိ ဝန်းကျင်လေထုအရည်အသွေးအခြေအနေအား လေ့လာဆန်းစစ်နိုင်ရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနအနေဖြင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဝန်းကျင်လေထုအရည်အသွေးပိုင်းကို Parameter များဖြင့် ပုံမှန်တိုင်းတာပြီး လေ့လာဆန်းစစ်လျက်ရှိ​နေသည်။

စစ်ဆေးချက် ရလာဒ်များမှာ လေထုအပူချိန်၊ လေတိုက်နှုန်း၊ လေတိုက်ရာလမ်းကြောင်း၊ စိုထိုင်းမှု၊ မိုးရွာသွန်းမှုအခြေအနေ၊ မော်တော်ယာဉ် အသုံးပြုမှု အခြေအနေ၊ စက်ရုံများမှ ထုတ်လွှတ်အခိုးအငွေ့များ ထုတ်လွှတ်မှုအခြေအနေနှင့် ဝန်းကျင်လေထု အရည်အသွေးတိုင်းတာသည့်နေရာ အနီးဝန်းကျင်အခြေအနေတို့အပေါ် မူတည်၍ တိုင်းတာရရှိသည့် ဝန်းကျင်လေထုအရည်အသွေးရလာဒ်များသည် ပြောင်းလဲမှုရှိနိုင်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အသိပေးကြေညာထားသည်။

ကမ္ဘာတစ်ဝန်းတွင် အဆိုးရွားဆုံး သဘာဝပတ်ဝန်းကျင်နှင့် လေထုညစ်ညမ်းမှုကို ရင်ဆိုင်နေရသည့် မြို့ပေါင်း ၁၀၀ တွင် ၉၉ မြို့မှာ အာရှတိုက်မှ ဖြစ်သည်ဟု နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု အကဲဖြတ်လေ့လာရေးအဖွဲ့က ၂၀၂၁ ခုနှစ်၊ မေလအတွင်းက ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။

လေထုညစ်ညမ်းမှု တစ်ခုတည်းကိုသာ လေ့လာချက်အရ ကမ္ဘာတစ်ဝန်းရှိ လေထုအရည်အသွေး အဆိုးဆုံးမြို့ (၂၀) သည် အိန္ဒိယနိုင်ငံမှဖြစ်ပြီး ဒေလီမြို့သည် အဆိုးဆုံး ဖြစ်နေကြောင်း သိရသည်။

နှစ်စဉ် ကမ္ဘာတစ်ဝန်း၌ လေထုညစ်ညမ်းမှုကြောင့် အရွယ်မတိုင်မီ သေဆုံးသူ ခုနစ်သန်းကျော်ရှိပြီး ၎င်းတို့အနက် သေဆုံးသူ တစ်သန်းမှာ အိန္ဒိယနိုင်ငံမှ ဖြစ်ကြောင်း နိုင်ငံတကာသဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု အကဲဖြတ်လေ့လာရေးအဖွဲ့မှ ကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here