ဟောင်းနွမ်း၊ စုတ်ပြဲနှင့် ချို့ယွင်းငွေစက္ကူများ လျော့နည်းပပျောက်စေရန် မြို့ကြီးသုံးမြို့ရှိ ဗဟိုဘဏ်တွင် ငွေလဲကောင်တာများဖွင့်လှစ်ကာ လက်ခံလဲလှယ်ပေးမည်

0
214

ပြည်သူလူထုလက်ဝယ်ရှိ ဟောင်းနွမ်း၊ စုတ်ပြဲနှင့် ချို့ယွင်းငွေစက္ကူများ လျော့နည်းပပျောက်စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များတွင် ငွေလဲကောင်တာများဖွင့်လှစ်ကာ လက်ခံလဲလှယ်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေးထုတ်ပြန်ထားသည်။

ဗဟိုဘဏ်အနေဖြင့် ငွေစက္ကူအဟောင်းအနွမ်းများကို တန်ဖိုးတူငွေစက္ကူများဖြင့် ပြန်လည်လဲလှယ်ပေးခြင်းကို (၂၀၀၉)ခုနှစ်မှစ၍ စီမံချက်ဖြင့် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ 

ပြည်သူလူထုလက်ဝယ်တွင် လှည့်လည်သုံးစွဲနေသည့် ဟောင်းနွမ်း၊ စုတ်ပြဲနှင့် ချို့ယွင်းငွေစက္ကူများ လျော့နည်းလာရာမှ ကင်းစင်ပပျောက်စေရန် ရည်ရွယ်ပြီး (၂၀၁၇)ခုနှစ်မှစ၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ငွေလဲလှယ်သည့် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များအား တစ်နှစ်ထက် တစ်နှစ် ဖြေလျှော့၍ နှစ်စဉ်စီမံချက်ချ ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များအနေဖြင့် အများပြည်သူသို့ ပြန်လည်ထုတ်ပေးငွေများတွင် လှည့်လည်သုံးစွဲရန် မသင့်တော်သည့် ဟောင်းနွမ်း စုတ်ပြဲငွေစက္ကူများ ပါဝင်မှု မရှိစေရန်၊ ကောင်းမွန်သန့်ရှင်းသည့် ငွေစက္ကူများကိုသာ ပြန်လည်ထုတ်ပေးရန်နှင့် ဟောင်းနွမ်း၊ စုတ်ပြဲ၊ ချို့ယွင်းငွေစက္ကူများကို သတ်မှတ်စည်းမျဉ်းများနှင့်အညီ လက်ခံလဲလှယ်ထုတ်ပေးရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ငွေကြေးညွှန်ကြားလွှာများ၊ အမှာစာများဖြင့် မကြာခဏ ညွှန်ကြားခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ပြည်သူလူထုလက်ဝယ် လှည့်လည်သုံးစွဲနေသည့် ငွေစက္ကူများတွင် ဟောင်းနွမ်း၊ စုတ်ပြဲ၊ ချို့ယွင်းငွေစက္ကူများ လျော့နည်းပပျောက်မှု နည်းပါးနေသေး၍လည်းကောင်း၊ ကောင်းမွန်သန့်ရှင်းသည့် ငွေစက္ကူများ ပြည်သူများလက်ဝယ်ပိုမိုရောက်ရှိစေရန် ရည်ရွယ်၍လည်းကောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များတွင် ကောင်တာများဖွင့်လှစ်ပြီး လက်ခံလဲလှယ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ဗဟိုဘဏ်က အသိပေးကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here