ဒီဂျစ်တယ်လ်နည်းလမ်းဖြင့် ငွေရေးကြေးရေးဆောင်ရွက်မှုများလာ၍ နိုင်ငံ၏ စီးပွားရေးစနစ်အတွင်းလှည့်လည်သုံးစွဲငွေ(CIC) များလျော့နည်းကျဆင်းလာ

0
175

နိုင်ငံအတွင်း၌ ဒီဂျစ်တယ်လ်နည်းလမ်းဖြင့် ငွေရေးကြေးရေးဆောင်ရွက်မှုတိုးတက်များပြားလာ၍ နိုင်ငံ၏စီးပွားရေးစနစ်အတွင်းလှည့်လည်သုံးစွဲငွေ(Currency in Circulation- CIC)များလျော့ နည်းကျဆင်းခဲ့သည်ဟု ဗဟိုဘဏ်မှထုတ်ပြန်ခဲ့သည်။

ဗဟိုဘဏ်၏ထုတ်ပြန်ချက်အရ CIC သည် ၂၀၂၁ ခုနှစ်တွင် ၄၈ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် ၂၉ ရာခိုင်နှုန်း၊ ၂၀၂၃ ခုနှစ်(မေလအထိ)တွင် ၁၁ ရာခိုင်နှုန်းသို့ကျဆင်းလာခဲ့သည်ဟု သိရသည်။

ထို့ပြင် ဗဟိုဘဏ်၏ နိုင်ငံအတွင်းဒီဂျစ်တယ်လ်ပေးချေမှုများဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ခဲ့၍ ၂၀၂၂ ခုနှစ်တွင် အင်တာနက်ဘဏ်လုပ်ငန်း၊မိုဘိုင်းလ်ဘဏ်လုပ်ငန်း၊မိုဘိုင်းလ်ပေးနှင့်မိုဘိုင်းလ်ငွေရေး ကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ ၏ လုပ်ငန်းဆောင်ရွက်မှုတန်ဖိုးသည် ငွေကျပ် ၃၁၆၆၆ ဘီလီယံရှိခဲ့ရာ ၂၀၂၁ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၄၇ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။

ထို့ကြောင့် အမျိုးသားငွေပေးချေမှုမဟာဗျူဟာ (၂၀၂၀-၂၀၂၅)၏ ရည်မှန်းချက်ရည်ရွယ်ချက်များအောင်မြင်စေရန် ဗဟိုဘဏ်အပါအဝင် အခြားသက်ဆိုင်ရာဝန်ကြီးဌာနများမှအဖွဲ့ဝင်များပါဝင်သည့် နိုင်ငံတော်ငွေပေးချေမှုစနစ်ကြီးကြပ်မှုကော်မတီဖွဲ့စည်း၍ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အတူ နိုင်ငံအတွင်းရှိ ဒီဂျစ်တယ်လ်ငွေပေးချေမှုဆိုင်ရာဝန်ဆောင်မှုများကို ပံ့ပိုးပေးနေသည့် Payment Service Provider များ၏ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာအခြေခံအုတ်မြစ်(Platform) များ ခိုင်မာတောင့်တင်းမှုရှိစေရန်၊လုံခြုံစိတ်ချရသည့် ဒီဂျစ်တယ်ငယ်ငွေစနစ်ပိုမိုဖွံ့ဖြိုးတိုးတက်လာရန်နှင့်အများပြည်သူကြား ငွေသားကိုင်တွယ်အသုံးပြုမှုလျှော့ချနိုင်ရန်လည်း ဆောင်ရွက်လျက်ရှိသည်။

နေပြည်တော်အား ဒီဂျစ်တယ်လ်မြို့တော်အဖြစ် မြှင့်တင်နိုင်ရန်လည်း ဗဟိုဘဏ်မှ ဘဏ်များ၊မိုဘိုင်းလ်ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများကို လိုအပ်သည့်လမ်းညွှန်မှုများပြုလုပ်လျက်ရှိပြီး ၂၀၂၃ ခုနှစ်၊မေလမှစ၍ နေပြည်တော်ဝန်ကြီးဌာနများရှိ အရာထမ်း၊အမှုထမ်းများ၏ လစာများကို ဒီဂျစ်တယ်လ်နည်းလမ်းဖြင့် ပံ့ပိုးပေးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဗဟိုဘဏ်အနေဖြင့် နိုင်ငံအတွင်းငွေသားကိုင်တွယ်သုံးစွဲမှုများလျော့ကျလာစေရေး၊ဒီဂျစ်တယ်လ်ငွေပေးချေမှုစနစ်များနှင့်ပတ်သက်၍ အများပြည်သူများပိုမိုသိရှိနားလည်လာစေရေးနှင့်ငွေပေးချေမှုစနစ်ပိုမိုဖွံ့ဖြိုးတိုးတက်လာပြီး၊နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို တစ်ဖက်တစ်လမ်းမှအထောက်အကူပြုနိုင်ရေးတို့အတွက် လိုအပ်သည်များဆက်လက်ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။

ဗဟိုဘဏ်မှ နိုင်ငံအတွင်း ဒီဂျစ်တယ်လ်ငွေရေး ကြေးရေးဆောင်ရွက်ချက်များ များပြားလာစေရန် ဘဏ်များအား ဒီဂျစ်တယ်လ်ဘဏ်လုပ်ငန်း၊အင်တာနက်ဘဏ်လုပ်ငန်း၊မိုဘိုင်းလ်ဘဏ်လုပ်ငန်း၊မိုဘိုင်းလ်ပေးနှင့်မိုဘိုင်းလ်ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများကိုလည်း ဆောင်ရွက်ခွင့်ပြုထားသည်ဟု သိရသည်။

ဘဏ်နှင့်အများပြည်သူများကြား ဒီဂျစ်တယ်လ်နည်းလမ်းဖြင့် ပမာဏနည်းသောလက်လီ(Retail) ငွေပေးချေမှုများအားကောင်းလာစေရန် ရောင်းချသူကိုယ်စား​ငွေကောက်ခံရှင်းလင်းသည့် ဝန်ဆောင်မှု လုပ်ငန်းများကိုလည်း ဗဟိုဘဏ်မှခွင့်ပြုဆောင်ရွက်စေခဲ့သည်။

ထို့ပြင် ၂၀၁၉ ခုနှစ်၊ဇန်နဝါရီလတွင် QR Code Payment အတွက် National Standard(MMQR) သတ်မှတ်နိုင်ရန် Technical Specification Version 1.0 ကို ချမှတ်ခဲ့ပြီး MQR specification Version 1.0 ကို နိုင်ငံတွင်းရှိ ငွေရေးကြေးရေးအဖွဲ့အစည်းများကြား ပေးချေမှုနှင့်စာရင်းရှင်းလင်းမှုများကို အပြန်အလှန်ချိတ်ဆက်ဆောင်ရွက် (Interoperability) နိုင်ရန်၊ပြည်ပရှိငွေရေးကြေးရေးလုပ်ငန်းများနှင့်နိုင်ငံဖြတ်ကျော်အပြန်အလှန်ချိတ်ဆက်ဆောင်ရွက်ခြင်း (Cross-border Interoperability)ပြုလုပ်နိုင်မည့် QR Code သတ်မှတ်နိုင်ရန်လည်းဆောင်ရွက်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here