လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင် ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်အဆိုများသည် မြန်မာ့အသိုက်အဝန်းအကြား စိတ်ဝမ်းကွဲမှု ဖြစ်ပေါ်စေရန် လှုံဆော်ရာရောက်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနပြော

0
145

(၅၃) ကြိမ်မြောက် လူ့အခွင့်အရေး ကောင်စီ၏ ပုံမှန်အစည်းအဝေးတွင် ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်အဆိုများသည် မြန်မာပြည်သူများအပေါ် အမုန်းစကားမြောက်ကြောင်းနှင့် ယဉ်ကျေးမှုနှင့် တိုင်းရင်းသားမျိုးစုံ ပါဝင်သော မြန်မာ့အသိုက်အဝန်းအကြား စိတ်ဝမ်းကွဲပြားစေရန် လှုံ့ဆော်ရာရောက်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက တုန့်ပြန်ပြောဆိုထားသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ (၅၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ဇွန်လ (၁၉) ရက်မှ ဇူလိုင်လ (၁၄) ရက်အထိ ဂျီနီဗာမြို့တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အစည်းအဝေးများကို သက်ဆိုင်ရာ နိုင်ငံမပါဝင်ဘဲ ကျင်းပခြင်းသည် ကောင်စီ၏မူဝါဒများနှင့် ရည်ရွယ်ချက်တို့နှင့် သွေဖည်လျက်ရှိကြောင်းလည်း ပြောကြားထားသည်။

အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(အိုအိုင်စီ)က တင်သွင်းခဲ့သော ဆုံးဖြတ်ချက် အဆိုအရ ဆွေးနွေးပွဲတစ်ရပ်ကို ဇွန်လ (၂၁) ရက်က ကျင်းပခဲ့ပြီး ဥရောပသမဂ္ဂ (အီးယူ)က တင်သွင်းသည့် ဆုံးဖြတ်ချက်အဆိုအရ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူတို့ အပြန်အလှန်ဆွေးနွေးပွဲများကို ဇူလိုင်လ (၆) ရက်က ကျင်းပခဲ့ကြောင်း သိရသည်။

ထို့အပြင် အိုအိုင်စီကိုယ်စား ပါကစ္စတန်နိုင်ငံမှ စာရွက်စာတမ်းအမှတ်၊ A/HRC/53/L.30/Rev.1 ဖြင့် တင်သွင်းခဲ့သည့် ဆုံးဖြတ်ချက်အဆိုကိုလည်း ဇူလိုင်လ (၁၄) ရက်တွင် လူ့အခွင့်အရေး ကောင်စီက အတည်ပြုချမှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲများနှင့် လတ်တလောချမှတ်ခဲ့သော ဆုံးဖြတ်ချက်အဆိုတို့သည် မြန်မာပြည်သူများအပေါ် အမုန်းစကားမြောက်ကြောင်းနှင့် ယဉ်ကျေးမှုနှင့် တိုင်းရင်းသားမျိုးစုံ ပါဝင်သော မြန်မာ့အသိုက်အဝန်းအကြား စိတ်ဝမ်းကွဲပြားစေရန် လှုံ့ဆော်ရာရောက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက တုန့်ပြန်ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် အစည်းအဝေးအတွင်း လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး တင်ပြချက်များသည် လုပ်ပိုင်ခွင့်ကို ကျော်လွန်နေကြောင်း ပြသရာရောက်သလို လူသားချင်းစာနာမှုဆိုင်ရာ သွားရောက်ခွင့်များငြင်းပယ်ကြောင်း မဟာမင်းကြီး၏ အစီရင်ခံစာတွင် စွပ်စွဲချက်မှာလည်း လွဲမှားနေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နစက အနေဖြင့် ခရီးသွားလာခွင့်များနှင့် စပ်လျဉ်း၍ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း အီးယူအပါအဝင် သံရုံးများကို (၆၂) ကြိမ်၊ ကုလသမဂ္ဂအေဂျင်စီများကို (၄၆) ကြိမ် နှင့် အာဆီယံလူသားချင်း စာနာထောက်ထားမှုအကူအညီပေးရေး ညှိနှိုင်းမှု ဗဟိုဌာန (AHA Centre) ကို (၁၀) ကြိမ် ခွင့်ပြုခဲ့ပြီး ရခိုင်ပြည်နယ်အစိုးရက ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကိုအကြိမ် (၆၀) ကျော်၊ အစိုးရ မဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများကို အကြိမ် (၈၀) ကျော်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)ကို အကြိမ်ပေါင်း (၅၀၀) ကျော် ခရီးသွားလာခွင့်ပြုခဲ့ကြောင်း တုန့်ပြန်ပြောကြားထားသည်။

အလားတူ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူအား မြန်မာအစိုးရကို သိက္ခာချရန် ကြိုးပမ်းမှုအဖြစ် အကန့်အသတ်မရှိ စာရွက်စာတမ်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန်အတွက် ဥရောပသမဂ္ဂနှင့် အနောက်နိုင်ငံများကဆီလျော်မှုမရှိသော လုပ်ပိုင်ခွင့်ကို ပေးအပ်ထားသည်ကို တွေ့ရပြီး အထူးအစီရင်ခံစာ တင်သွင်းသူအနေဖြင့် အပြစ်မဲ့ပြည်သူ သေဆုံးစေသည့် အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ကာ အစိုးရပိုင် လုပ်ငန်းများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် အဖွဲ့ဝင်နိုင်ငံများကို ထပ်မံတောင်းဆိုမှုသည် ပြည်သူများကို ထိခိုက်စေရန်နှင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အရေးကို ချိုးဖောက်ရန်ဖြစ်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထောက်ပြပြောဆိုထားသည်။

မြန်မာအရေး ကိစ္စသည် ပြည်တွင်းရေးသာဖြစ်ပြီး နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအပေါ် မည်သည့်ခြိမ်းခြောက်မှုမျှ မရှိသည့်အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ အတည်ပြု၊ ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာများနှင့် ဆုံးဖြတ်ချက်အဆိုတို့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) တို့ကို ရည်ညွှန်းဖော်ပြမှုများကို မြန်မာနိုင်ငံက ကန့်ကွက်ပယ်ချသည့်အပြင် အစဉ်တစိုက် ဆန့်ကျင်ကြောင်းလည်း ဖော်ပြထားသည်။

ထို့အပြင် အခြေအမြစ်မရှိသည့် စွပ်စွဲချက်များနှင့် ဝင်ရောက်စွက်ဖက်ပြောဆိုချက်များကို မြန်မာနိုင်ငံက ပယ်ချပြီး အစည်းအဝေးများတွင် မိတ်ဆွေနိုင်ငံများ၏ မျှတပြီးအပြုသဘောဆောင်သော ပြောကြားချက်များအတွက် ကျေးဇူးတင်ရှိကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here