မိုးရာသီသစ်ပင်စိုက်ပျိုးပွဲမှပြန်လာသူများ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်ခံရ ၊ ကျောင်းသား (၁) ဦးသေဆုံးပြီး လူ (၁၁) ဦး ဒဏ်ရာရ

0
101

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့၊ ခုံမင်းကြီးရပ်ကွက်ရှိ အ.လ.က(ခွဲ)ကျောင်းတွင် ဇူလိုင်လ ၁၇ ရက် နံနက်ပိုင်းကပြုလုပ်သည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲမှပြန်လာသူများအား လက်နက်ကိုင်အဖွဲ့ဝင်များက လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်ခဲ့သည်ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

ယမန်နေ့ နံနက် ၁၀ နာရီခွဲကျော်ခန့်က လက်နက်ကိုင်အဖွဲ့ဝင်များသည် ဘုတလင်မြို့၊ ခုံမင်းကြီးရပ်ကွက်ရှိ အ.လ.က(ခွဲ)ကျောင်း၌ ပြုလုပ်သည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲမှ မြို့တွင်းသို့ ပြန်လာသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား မြို့၏မြောက်ဘက်နှင့် တောင်ဘက်တို့မှ နှစ်ဖွဲ့ခွဲ၍ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြကြောင်း ထုတ်ပြန်ထားသည်။

လုံခြုံရေးအဖွဲ့ဝင်များက လက်နက်ကြီး၊ သေနတ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သဖြင့် လက်နက်ကိုင်အဖွဲ့ဝင်များ ထွက်ပြေးသွားခဲ့သည်ဟု နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

လက်နက်ကိုင်အဖွဲ့ဝင်များ၏ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်မှုကြောင့် မြို့တွင်းရှိ နေရာအနှံ့တွင် လက်လုပ်စိန်ပြောင်းဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့ရာ သစ်ပင်စိုက်ပျိုးပွဲမှပြန်လာသည့် ကျောင်းသား (၁) ဦးသေဆုံးပြီး အသက်(၁၀) နှစ်အောက်ကလေးငယ် (၃) ဦးအပါအဝင် (၁၁) ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်းနှင့် ဗန္ဓုလရပ်ကွက်ရှိ ရောင်ခြည်ဦးဘုန်းတော်ကြီးကျောင်း၏ တံခါးမှန်အချို့ ပျက်စီးခဲ့ရကြောင်း သိရသည်။

ထို့ကြောင့် ထိခိုက်ဒဏ်ရာရသူများအား လုံခြုံရေးအဖွဲ့ဝင်များက ဘုတလင်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြပြီး ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here