စက်လှေတစ်စီးပေါ်မှ ကျပ်သိန်း ၄၂၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၅ ဒသမ ၃ တန် ဖမ်းမိ

0
132

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်ရှိ မဲခေါင်မြစ်ကမ်းဘေး၌ ဆိုက်ကပ်ထားသည့် စက်လှေပေါ်မှ ကျပ်သိန်း ၄၂၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၅ ဒသမ ၃ တန်ကို ဇူလိုင်လ ၁၄ ရက်၊ နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့နံနက် ၁၁ နာရီခန့်က လုံခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ ဆမ်ဖူးကျေးရွာနှင့် နမ့်ဖုန်းကျေးရွာကြားရှိ မဲခေါင်မြစ်ကမ်းဘေး၌ ဆိုက်ကပ်ထားသည့် ကျိုင်းလပ်မြို့၊ ဝမ်ကျင်း(၃)ရပ်ကွက်၊ မဲခေါင်လမ်းနေ ဦးနန်အွန် ပိုင်ဆိုင်သည့် အလျား ၁၇၁ ပေခန့်၊ အနံ ၁၄ ပေခန့်၊ ရေစူး ၅ ပေခန့်ရှိ စက်လှေအား စစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာ စက်လှေပေါ်မှ တရားမဝင်တင်သွင်းလာသည့် ကျပ်သိန်း ၄၂၀၀ ကျော် တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၅ ဒသမ ၃ တန်အား ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ထို့ကြောင့် စက်လှေပိုင်ရှင်အား သက်ဆိုင်ရာရဲစခန်းမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here