ကြို့ပင်ကောက်မြို့တွင် ဆည်မြောင်းဘေးရှိကန်အတွင်း ရေဆင်းကူးသည့် ကျောင်းသား (၂) ဦး ရေနစ်သေဆုံး

0
122

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ကျောင်းကုန်းကျေးရွာအနီး ဆည်မြောင်းဘေးရှိကန်အတွင်း ရေဆင်းကူးသည့် ကျောင်းသား(၂) ဦး ဇူလိုင်လ ၁၈ ရက် (ယနေ့)နံနက်ပိုင်းက ရေနစ်သေဆုံးသွားခဲ့ကြောင်း နာရေးကူညီမှုအသင်း(ကြို့ပင်ကောက်မြို့)မှ သိရသည်။

ယနေ့နံနက် ၈ နာရီခန့်က ကြို့ပင်ကောက်မြို့နယ်၊ ကျောင်းကုန်းကျေးရွာအနီး ဆည်မြောင်းဘေးရှိ ကန်အတွင်းသို့ ဗောဓိ(၃)လမ်း၊ ဗောဓိရုက္ခကျောင်းမှ Grade 6 ကျောင်းသားမောင်ကိုကိုထွန်းနှင့် Grade 3 ကျောင်းသားမောင်ထက်မြတ်သူတို့ ရေဆင်းကူးရာမှ ရေနစ်သွားခဲ့ကြောင်း သိရသည်။

“မိဘနာမည်၊ နေရပ်လိပ်စာ စုံစမ်းဆဲပါ။ ကန်ဘေးမှာ ကျောပိုးအိတ် တစ်လုံး၊ ဘေးလွယ်အိတ်အနီ တစ်လုံးနဲ့ အဖြူအစိမ်းဝတ်စုံတွေ တွေ့ရပါတယ်။ အခုကတော့ ရင်ခွဲရုံကို ပို့ထားပေးပါတယ်” ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောကြားသည်။

လူမှုကူညီရေးအသင်းဝင်များက ရေနစ်သွားသည့်ကျောင်းသား (၂) ဦးအား ဝိုင်းဝန်းဆယ်တင်ခဲ့ကြသော်လည်း သေဆုံးလျက်သာ ပြန်လည်ဆယ်ယူနိုင်ခဲ့ကြပြီး ရုပ်အလောင်းများအား နာရေးကူညီမှုအသင်း-(ကြို့ပင်ကောက်မြို့)မှ ကြို့ပင်ကောက်ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here