ဥရောပတွင် အပူလှိုင်းဖြတ်သန်းမှု နောက်တစ်ပတ်အထိရှိနေဦးမည်

0
181

ဥရောပတောင်ပိုင်းတွင် စံချိန်တင် မြင့်မားသော အပူလှိုင်းဖြတ်သန်းနေမှုသည် အနည်းဆုံး နောက်ထပ် ရက်သတ္တပတ်တစ်ခုအထိ ဆက်လက်ရှိနေဦးမည်ဟု မျှော်လင့်ရသည်။

မြေထဲပင်လယ်တလွှားရှိ နိုင်ငံများသည် တစ်ပတ်အတွင်း ဒုတိယမြောက် စံချိန်တင်အပူလှိုင်းကို ရင်ဆိုင်နေကြရသည်။

စပိန်၊ အီတလီ၊ ခရိုအေးရှားနှင့် ဂရိကဲ့သို့သော အားလပ်ရက်အပန်းဖြေနေရာများအပါအဝင် ဥရောပတောင်ပိုင်းဒေသ အများစုတွင် အပူချိန်မြင့်မားမှုသည် အနည်းဆုံး နောက်ထပ် တစ်ပတ်လောက်အထိ ကြာရှည်နေဦးမည်ဖြစ်ကြောင်းသိရသည်။

အီတလီနှင့် ဂရိနိုင်ငံတောင်ပိုင်းရှိ အချို့နေရာများတွင် ရာသီဥတုပိုမိုပူပြင်းလာသောကြောင့် အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ကျော်အထိ မြင့်တက်လာနိုင်သည်။

ယင်းသည် ၂၀၂၁ ခုနှစ်တွင် စစ္စလီရှိ Siracusa အနီးတွင် မှတ်တမ်းတင်ထားသော ဥရောပ အပူချိန် ၄၈.၈ ဒီဂရီ ဆဲလ်စီးယပ်စ် စံချိန်ကို ချိုးဖျက်နိုင်သည်ဟု ခန့်မှန်းသူများက သတိပေးထားသည်။

အီတလီတွင် မြို့ပေါင်း ၂၀ သည် အပူရှိန်ဆိုင်ရာ အနီရောင်သတိပေးချက် အောက်တွင် ရှိနေသည်။ ၎င်းသည် မနက်ဖြန် (ဗုဒ္ဓဟူးနေ့) မှ ၂၃ ရက်နေ့အထိ အပူရှိန် ဆက်လက်မြင့်တက်လာမည် ဖြစ်သောကြောင့် အီတလီ၏ အကြီးဆုံးမြို့ကြီး (၄)မြို့မှလွဲ၍ အားလုံးသည် အနီရောင်သတိပေးချက်အောက်တွင် ရှိနေဦးမည်ဖြစ်သည်။

ထို့ကြောင့် နံနက် ၁၁ နာရီမှ ညနေ ၆ နာရီအတွင်း နေရောင်ခြည် တိုက်ရိုက်မထိစေရန် ပြည်သူများကို အီတလီအာဏာပိုင်များက အကြံပြုထားသည်။

ဗြိတိန်နိုင်ငံခြားရေးရုံးကလည်း အီတလီ၊ စပိန်နှင့် ဂရိတို့အတွက် ခရီးသွားသတိပေးချက်များ ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here