တောင်ကိုရီးယားသို့ အမေရိကန် ရေငုပ်သင်္ဘော ဆိုက်ရောက်လာပြီးနောက် ဂျပန်ပင်လယ်သို့ မြောက်ကိုရီးယားက ဒုံးကျည်နှစ်စင်း ပစ်လွှတ်

0
131

တိုကျို၊ ဇူလိုင် ၁၉

မြောက်ကိုရီးယားသည် တောင်ကိုရီးယားဆိပ်ကမ်းသို့ အမေရိကန် နျူကလီးယား ပဲ့ထိန်းတပ်ဒုံးတင် ရေငုပ်သင်္ဘောတစ်စင်း ဆိုက်ရောက်လာပြီးနောက် နာရီပိုင်းအကြာ ဇူလိုင်လ ၁၉ ရက် ဗုဒ္ဓဟူးနေ့တွင် ဂျပန်ပင်လယ်ဘက်သို့ ပဲ့ထိန်းဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားနှင့် ဂျပန်စစ်တပ်တို့က ပြောကြားခဲ့သည်။

ထိုရေငုပ်သင်္ဘောသည် တောင်ကိုရီးယားသို့ နှစ်လေးဆယ်အကြာတွင် ပထမဆုံးအကြိမ် ပြန်လည်‌ ရောက်ရှိလာခြင်းဖြစ်ပြီး မြောက်ကိုရီးယားဘက်က နျူကလီးယား တိုက်ခိုက်မှု လုပ်လာလျှင် အမေရိကအနေဖြင့် တောင်ကိုရီးယားနှင့် အတူ ရပ်တည်မည် ဆိုသည်ကို ခိုင်ခိုင်မာမာ ပြသလိုက်သည့် သဘော ဖြစ်သည်။

အဆိုပါ ဒုံးကျည်နှစ်စင်းစလုံးသည် ဂျပန်နိုင်ငံ၏ အထူးစီးပွားရေးဇုန် အပြင်ဘက်သို့ ကျရောက်ခဲ့သည်ဟု ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုသည်။ တောင်ကိုရီးယား၏ ပူးတွဲစစ်ဦးစီးချုပ်များ (JCS) က မြောက်ကိုရီးယားအား ယင်းကဲ့သို့ ဒုံးကျည်ပစ်လွှတ်မှုများကို ရပ်တန့်ရန် တောင်းဆိုခဲ့သည်။

အမေရိကန်စစ်တပ်ကမူ ထိုသို့ ဒုံးကျည်ပစ်လွှတ်မှုများနှင့်ပတ်သက်၍ မဟာမိတ်များ၊ မိတ်ဖက်များနှင့် အနီးကပ် တိုင်ပင်ဆွေးနွေးနေကြောင်း ပြောထားသည်။

တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကတို့သည် မြောက်ကိုရီးယား၏ နျူစမ်းသပ်မှုနှင့် ဒုံးကျည်ပစ်လွှတ်များအပေါ် ကာကွယ်သည့်အနေဖြင့် ပူးတွဲ စစ်ရေးလေ့ကျင့်မှုများ မကြာခဏပြုလုပ်လာသည်။ မြောက်ကိုရီးယားဘက်ကလည်း ထိုသို့ စစ်ရေးလေ့ကျင့်ခြင်းက ဒေသတွင်း မငြိမ်မသက်မှုဖြစ်စေသည်ဟုဆိုကာ ဒုံးကျည်များ ပစ်လွှတ်၍ သတိပေးမှုများ ပြုလုပ်နေသဖြင့် ကိုရီးယားကျွန်းဆွယ်အတွင်း တင်းမာမှုများ မြင့်တက်လာနေခြင်းဖြစ်သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here