ထိုင်ဝမ် ဒုသမ္မတအား နောက်လ၌ အမေရိက မသွားရန် တားမြစ်ရေးသည် ဦးစားပေးဖြစ်ကြောင်း တရုတ် ပြော

0
220

ပေကျင်း၊ ဇူလိုင် ၂၀

ထိုင်ဝမ်၏ ဒုတိယသမ္မတ ဝီလျံ လိုင်အား နောက်လတွင် အမေရိကသို့ သွားရောက်ခြင်းမှ တားမြစ်ရေးသည် တရုတ်နိုင်ငံ၏ ဦးစားပေးဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စုဆိုင်ရာ တရုတ် သံအမတ်ကြီးက ဇူလိုင်လ ၁၉ ရက် ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ထိုင်ဝမ်အား ၎င်းအပိုင်ဟု သတ်မှတ်ထားသော ပေကျင်းသည် ယခုအခါအတွင်လည်း ထိုင်ဝမ်၏ နောက်သမ္မတဖြစ်လာရန် ရေပန်းစားနေသော လိုင်ကို အမေရိကသို့ မသွားရန်အတွက် သတိပေးလိုက်သည်။

ထိုင်ဝမ်သည် သမ္မတနှင့် ပါလီမန် ရွေးကောက်ပွဲများကို လာမည့်နှစ် ဇန်နဝါရီလ၌ ကျင်းပမည်ဖြစ်ပြီး လက်ရှိအာဏာရ ဒီမိုကရက်တစ် တိုးတက်ရေး ပါတီ (DPP) သမ္မတလောင်း လိုင်သည် သဘောထားစစ်တမ်းအများစု၌ အသာရနေသည်ကို တွေ့ရသည်။

လိုင်သည် ဩဂုတ်လတွင် သွားရောက်မည့် ပါရာဂွိုင်း နိုင်ငံ ခရီးစဉ်အတွင်း အမေရိကန်နိုင်ငံ၌ တရားဝင် ဝင်ရောက်ရပ်နားမှု ပြုသွားရန် ပြင်ဆင်နေသည်။

ထိုခရီးစဉ်အပေါ် တရုတ်သံအမတ်ကြီး ရှဲ့ဖုန်က ထိုင်ဝမ်သည် တရုတ်ပိုင် ဖြစ်သည့်အတွက် ငြိမ်းချမ်းစွာ ပြန်လည် ပေါင်းစည်းလိုသည်ကို ထိုင်ဝမ်ရှိ ခွဲထွက်ရေးသမားများက အမေရိက၏ အကူအညီကိုယူကာ ခွဲထွက်မည့် အစီအစဉ်ကို အရှိန်မြှင့်တင်ရန် ကြိုးပမ်းနေကြောင်း အက်စပန် လုံခြုံရေးဖိုရမ်၌ ပြောကြားခဲ့သည်။

“အခုလက်ရှိ ဦးစားပေးကတော့ လိုင်ကို အမေရိက သွားလည်တာကနေ တားဖို့ ပါပဲ” ဟု ရှဲ့က ဆိုသည်။

တစ်ဖက်တွင်လည်း လိုင်က သူသာ သမ္မတအဖြစ် ရွေးချယ်ခံရပါက တရုတ်နှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်မည်ဟု ပြောထားကြောင်း သိရသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here