ဂျပန်တွင် ကျင်းပမည့် U12 Junior Soccer World Challenge 2023 ပြိုင်ပွဲအတွက် ပဏာမ မြန်မာ့လက်ရွေးစင် ယူ၁၂ ကစားသမား (၄၀)ဦးထုတ်ပြန်

0
231

ဂျပန်နိုင်ငံ ချီဘားမြို့တွင် လာမည့် ဩဂုတ်လ ၂၄ ရက်မှ ၂၇ ရက်အထိ ကျင်းပပြလုပ်မည့် ၁၁ ကြိမ်မြောက် U12 Junior Soccer World Challenge 2023 ပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်ရန် ပဏာမ မြန်မာ့လက်ရွေးစင် ယူ၁၂ ကစားသမား (၄၀)ဦး စာရင်းအား နည်းပြအဖွဲ့နှင့် ကစားသမား ရွေးချယ်ရေး အဖွဲ့တို့က ယနေ့ ဇူလိုင် ၂၀ ရက်တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ယူ ၁၂ ကစားသမား ရွေးချယ်ရေးအဖွဲ့နှင့် ယူ ၁၂ နည်းပြအဖွဲ့တို့သည် ပြီးခဲ့သည့် ဇူလိုင် ၁၄ ရက်မှ ၁၇ ရက်အထိ အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည် ဇုန်(၂)ခုခွဲ၍ ကစားသမား ရွေးချယ်ပွဲများ ပြုလုပ်ခဲ့ပြီး ပဏာမစာရင်းအား ကနဦး စိစစ်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ပဏာမစာရင်းတွင် ပြင်ပမှ လာရောက်ရွေးချယ်ခံသူ ၂၃ ဦး၊ အကယ်ဒမီများမှ ၁၇ ဦး၊ စုစုပေါင်း (၄၀)ဦးရွေးချယ်ခံခဲ့ရပြီး အဆိုပါ ကစားသမားများအား မြန်မာ့လက်ရွေးစင် အသင်းများအဆောင်တွင် စခန်းဝင် လေ့ကျင့်စေပြီးနောက်ကစားသမား(၂၅)ဦးအား ထပ်မံရွေးထုတ်သွားမည် ဖြစ်ကြောင်းသိရသည်။

အဆိုပါ ၂၅ ဦးလူစာရင်းအတိုင်း လေ့ကျင့်မှုများ ဆက်လက်ပြုလုပ်ပြီးပါက ဩဂုတ်လ ဒုတိယအပတ်အတွင်း အပြီးသတ် ကစားသမား (၁၈)ဦးကို ရွေးချယ်ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။

အပြီးသတ် ကစားသမား (၁၈)ဦးသည် U12 Junior Soccer World Challenge 2023 ပြိုင်ပွဲအား ဉရောပကလပ်များဖြစ်သည့် ဘာစီလိုနာလူငယ်၊ ဂျူဗင်တပ်လူငယ်၊ ဘိုင်ယန်မြူးနစ်လူငယ်၊ ဂျေလိဂ်လူငယ်ကလပ်များဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး မြန်မာ ယူ၁၂ အသင်း၏ ဂျပန်ခရီးစဉ်အား AYA Bank မှ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here