တာလီဘန်များက အလှပြင်ဆိုင်များပိတ်သိမ်းခိုင်းမှုကြောင့် အာဖဂန်အမျိုးသမီးများဆန္ဒထုတ်ဖော်

0
219

ကဘူးလ်၊ဇူလိုင် ၁၉

တာလီဘန်အာဏာပိုင်များက အာဖဂန်အတွင်းရှိ အလှပြင်ဆိုင်များအား ပိတ်ပစ်ရမည်ဟူသောအမိန့်ကိုထုတ်ပြန်လိုက်ပြီးနောက် အမျိုးသမီးများစုရုံးဆန္ဒပြခဲ့ကြသဖြင့် တာလီဘန်များက သေနတ်ဖောက်ကာ မီးသတ်ပိုက်များအသုံးပြုလူစုခွဲခဲ့ကြောင်းသိရသည်။

၂၀၂၁ ခုနှစ် ဩဂုတ်လတွင်အာဏာသိမ်းပြီးကတည်းက တာလီဘန်အစိုးရသည် မိန်းကလေးများနှင့်အမျိုးသမီးများကို အထက်တန်းကျောင်းများနှင့်တက္ကသိုလ်များတက်ရောက်ခွင့် တားမြစ်ထားခဲ့ပြီး ပန်းခြံများ၊ပျော်ပွဲရွှင်ပွဲများနှင့် အားကစားခန်းမများကိုပါမသွားရဟူ၍အမိန့်ထုတ်ပြန်ခဲ့သည်။

တာလီဘန်များကမူ အလှပြင်ဆိုင်များသည် နွမ်းပါးသောမိသားစုများအတွက်အပိုဝင်ငွေကုန်စေပြီး အစ္စလာမ်အယူဝါဒနှင့်လည်းမကိုက်ညီသဖြင့် ပိတ်ရန်ညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

မိတ်ကပ်အလွန်အကျွံလိမ်းခြင်းသည် အမျိုးသမီးများအား လျော်ကန်သင့်မြတ်စွာ ၀တ်ပြုဆုတောင်းခြင်းအတွက် အနှောင့်အယှက်ဖြစ်နိုင်သည်ဟု ဝန်ကြီးဌာနကပြောကြားခဲ့ပြီး မျက်တောင်ဆက်ခြင်းနှင့် ဆံပင်ကောက်ခြင်းများကိုလည်း တားမြစ်ထားကြောင်းသိရသည်။

တာလီဘန်များမတက်လာမီ အမေရိကန်ဦးဆောင်သည့်အစိုးရလက်ထက်၌ အာဖဂန်မြို့တော်ကဘူးလ်နှင့်မြို့အတော်များများ၌ အလှပြင်ဆိုင်များ ပေါ်ပေါက်လာပြီး ၎င်းတို့သည်အမျိုးသမီးများအတွက် လွတ်လပ်စွာစုဝေးရာနေရာတစ်ခုလည်းဖြစ်လာခဲ့သည်။

သို့သော်ယခုလက်ရှိ၌မူ အမျိုးသမီးများအား ကုလသမဂ္ဂနှင့်အင်န်ဂျီအိုများ၌ အလုပ်လုပ်ကိုင်ခွင့်ပါပိတ်ပင်ထားပြီး အစိုးရဝန်ထမ်းအမျိုးသမီးများကိုလည်း အလုပ်မှထုတ်ပယ်ခြင်းနှင့် အချို့ကိုမူ လစာပေးပြီးအိမ်မှာသာနေခိုင်းခြင်းများပါရှိလာသည်ဟုသိရှိရသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here