ဩရိဿကမ်းခြေတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းကြောင့် မွန် ၊ ကရင် ၊ တနင်္သာရီနှင့် ကချင်ပြည်နယ်တို့၌ မိုးကြီးမည်

0
215

ဘင်္ဂလားပင်လယ်အော်အတွင်းနှင့် ယင်းနှင့်ဆက်စပ်နေသည့် အိန္ဒိယနိုင်ငံ၊ ဩရိဿကမ်းခြေအနီးတွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းကြောင့် တနင်္သာရီတိုင်း၊ ကချင်၊ ကရင်နှင့် မွန်ပြည်နယ်တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။

ယနေ့ ဇူလိုင်လ (၂၁)ရက်၊ နံနက်(၇)နာရီအချိန် ထုတ်ပြန်ချက်တွင် ယနေ့ မြန်မာစံတော်ချိန် (၅)နာရီခွဲအချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ ဩရိဿကမ်းခြေတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ဆက်လက်တည်ရှိနေပြီး အဆိုပါ လေဖိအားနည်းရပ်ဝန်း(Low Pressure Area) သည် နောက်(၃၆)နာရီအတွင်း အနောက် – အနောက်မြောက်ဖက်သို့ ရွေ့လျားကာ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကို ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း ခန့်မှန်းထားသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေပြီး  ယနေ့ညနေအထိ ခန့်မှန်းချက်အရ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတရံ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေ ပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀) အထိ တိုက်ခတ်နိုင်ကြောင်းနှင့် လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၁) ပေခန့် ရှိနိုင်ကြောင်း သိရသည်။

နောက်(၂)ရက်အတွက် ခန့်မှန်းချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော် တောင်ပိုင်းတို့တွင် မုတ်သုံလေအားအသင့်အတင့်မှ အားကောင်းနိုင်ပြီး နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးများတွင် မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း မိုးဇလက ထုတ်ပြန်ကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here