ကော့ကရိတ်မြို့၌ လွန်ခဲ့သည့် ၂ရက်က ရေနစ်ပျောက်ဆုံးသွားသည့် အသက်(၁၂)နှစ်အရွယ် ကလေး၏ ရုပ်အလောင်းအား ယနေ့ ပြန်တွေ့

0
178

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ ကျောက်တောင်နံ့သာလှိုင်ဂူရှိ ရေကန်အတွင်း၌ ဇူလိုင်လ ၁၉ ရက် နေ့လယ် (၃) နာရီခွဲခန့်က အသက် (၁၂)နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦး ရေနစ်ပျောက်ဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ရေနစ်ပျောက်ဆုံး‌နေသည့် ကလေးငယ်အား ရမ္မဝတီလူမှုကယ်ဆယ်ရေးအဖွဲ့၊ ရာမည အရေးပေါ်ကယ်ဆယ်ရေးအသင်း၊ရေနစ်သူရှာဖွေကယ်ဆယ်ရေးအဖွဲ့၊ ‌ကော့ဘိန်းလူမှု ကယ်ဆယ်‌ရေးအဖွဲ့နှင့် မော်လမြိုင် လူမှုကယ်ဆယ်‌ရေးအဖွဲ့တို့ ပူးပေါင်းကာ ရှာဖွေမှုများ (၂) ရက်တိုင် လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

“အဲဒီကလေး ရေနစ်ပျောက်ဆုံးသွားတာကို သိတဲ့အချိန်ကစပြီး ရှာဖွေခဲ့တာပါ။ အဲဒီနေ့ည (၉) နာရီလောက်အထိ ရှာတယ်မတွေ့ဘူး။ (၂၀) ရက်နေ့ကလည်း တစ်နေ့လုံးရှာတယ် မတွေ့ခဲ့ပါဘူး။ ရေနစ်ပျောက်ဆုံးသွားတဲ့ ကလေးက ကော့ဂူကျေးရွာကပါ။ ငါးမျှားနေရင်း ရေနစ်ပျောက်ဆုံးသွားတာလို့ သိရပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

ထိုသို့ ရှာဖွေမှုများ ပြုလုပ်ခဲ့သော်လည်း ကလေးငယ်၏ ရုပ်အလောင်းအား ရှာဖွေတွေ့ရှိခြင်း မရှိခဲ့ဘဲ ယနေ့ ဇူလိုင်လ (၂၁) ရက် နံနက် (၇) နာရီခန့်တွင် ကလေးငယ်၏ ရုပ်အလောင်းမှာ ရေကန်အတွင်းမှ ပြန်ပေါ်လာခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ကလေးငယ်၏ ရုပ်အလောင်းအား ရမ္မဝတီလူမှုကယ်ဆယ်ရေးအသင်းမှ ရေကန်အတွင်းမှ ဆယ်ယူ၍ ကော့ဘိန်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here