ပြည်သူ့ကျန်းမာရေး လုပ်ငန်းများ ပိုမိုလုပ်ဆောင်နိုင်ရန်ဖြည့်ဆည်းပေးမည်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား

0
192

ပြည်သူ့ကျန်းမာရေး လုပ်ငန်းများ ဖြည့်ဆည်းနိုင်ရန် အခြေခံကျန်းမာရေး ဝန်ထမ်းများကို ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောသည်။

ဇူလိုင်လ (၂၀) ရက်က ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ဆေးရုံများသို့ သွားရောက်ပြီး လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို သွားရောက်စစ်ဆေးကာ ဆေးရုံများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ (၂၀) ရက်တွင် ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့၊ ခရိုင်ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆေးရုံအစည်းအဝေးခန်းမ၌ ဆေးရုံအုပ်၊ အထူးကုဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ကုသမှုအရည် အသွေး ကောင်းမွန်စေရေးအတွက် အစိုးရက ဘဏ္ဍာငွေများစွာစိုက်ထုတ်သုံးစွဲလျက်ရှိရာ ထိရောက်စွာ အသုံးပြုကြစေလိုကြောင်း၊ လိုအပ်ချက်များကိုလည်း ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် စိစစ်ဖြည့်ဆည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ရောဂါပိုး ကူးစက်ပြန့်ပွားမှု ကာကွယ်ရေး၊ ဆေးရုံများ၏ ဥပဓိရုပ်ကောင်းမွန်စေရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ လက်ပံတန်းမြို့ပြည်သူ့ဆေးရုံကြီး၊ကြို့ပင်ကောက် ပြည်သူ့ဆေးရုံကြီး၊ ဇီးကုန်း ပြည်သူ့ဆေးရုံကြီး၊ နတ်တလင်း ပြည်သူ့ဆေးရုံကြီး နှင့် ပြည်မြို့ ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးသို့လည်း သွားရောက်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပြည်မြို့ ခုတင်-၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိကာ မြို့နယ်ပြည်သူ့ ကျန်းမာရေး/ကုသရေး ဦးစီးဌာနမှူးများနှင့် တွေ့ဆုံ၍ မြို့နယ်အဆင့် ဆေးရုံများဖြစ်သည့် ၂၅ ခုတင်ဆံ့နှင့် ၅၀ ခု တင်ဆံ့ ဆေးရုံများ အားလုံးတွင် အခြေခံအဆောက်အဦများ၊ ရောဂါရှာဖွေရေး လုပ်ငန်းများဖြစ်သည့် ဓာတ်ခွဲ/ဓာတ်မှန် လုပ်ငန်းများအပါအဝင် အခြေခံကျန်းမာရေး ဝန်ဆောင်မှုများကို အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိပြီး မြို့နယ်အဆင့် ဆေးရုံတိုင်းတွင် မြို့နယ်ဆရာဝန်များ၊သွားနှင့်ခံတွင်း ဆရာဝန်များအား ဖြည့်ဆည်းပေးလျက်ရှိကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

အချက်အချာကျသည့် တိုက်နယ်ဆေးရုံများတွင်လည်း ဆရာဝန်များ ဖြည့်ဆည်းပေးလျက်ရှိပြီး ပြည်သူ့ကျန်းမာရေး လုပ်ငန်းများကို ဖြည့်ဆည်းနိုင်ရန်အတွက် အခြေခံကျန်းမာရေး ဝန်ထမ်းများကိုလည်း ထပ်မံတိုးချဲ့ခန့်ထားပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here