ရွှေတိဂုံစေတီတော်ကြီးသို့ တစ်ရက်လျှင် နိုင်ငံခြားသားခရီးသွား (၃၀၀) ခန့် လာရောက်ဖူးမြော်

0
127

ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ယခုလအတွင်း ပြည်တွင်းပြည်ပဘုရားဖူး နေ့စဉ် (၁၀၀၀၀) ခန့် ဝင်ရောက်ပြီး နိုင်ငံခြားသား ခရီးသွားဦးရေ တစ်ရက်လျှင် (၃၀၀) ခန့် လာရောက်ဖူးမြော်လျက်ရှိကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။

“ပြည်တွင်းဘုရားဖူးက ပထမ (၃)လအတွင်း လူဦးရေ ၇၊ ၈၊ ၉ သိန်းလောက်ရှိတယ်။ မိုးတွင်းမတိုင်ခင်တုန်းကတော့ (၁၃) သိန်းလောက်အထိ ရှိပါတယ်။ ပြည်ပဘုရားဖူးက ၁ လပိုင်းကနေ ၆ လပိုင်းအထိကို ပထမတုန်းကတော့ ၃၀၀၀၊ ၄၀၀၀ ကနေ အခု ၆၀၀၀၊ ၇၀၀၀ လောက်အထိ တက်လာပါတယ်။ ထိုင်းနဲ့ တရုတ်က အများဆုံးလာပြီး ရုရှားကလည်း နည်းနည်းတော့လာပါတယ်” ဟု ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ဦးမင်းလွင်က နိုင်ငံပိုင်သတင်းဌာနသို့ ပြောကြားထားသည်။

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ခြောက်လတာကာလအတွင်း ပြည်တွင်းပြည်ပ ဘုရားဖူးဦးရေ (၇) သန်းနီးပါး လာရောက်ဖူးမြော်ခဲ့ကြရာ နေ့စဉ်နံနက် ၅ နာရီမှ ည ၈နာရီအထိ ဖွင့်လှစ်ထားပြီး သန့်ရှင်းရေးနှင့် လိုအပ်သည့်လုံခြုံရေးကိစ္စများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။

“အထက်ပစ္စယံမှာရှိတဲ့ စေတီရန်တော်တော်များများကိုလည်း ပြင်ပြီးသွားပြီ။ နည်းနည်းပါးပါးပဲ ကျန်တော့တယ်။ ကာလရှည်ကြာသွားတဲ့အတွက် ပျက်စီးမှုတွေရှိတဲ့ အဆောက်အဦးတွေကို စီမံချက်ချပြီး နေ့စဉ်ကို ပြုပြင်နေရပါတယ်။ ဝါတွင်းကာလပတ်လုံး အရင်နှစ်တွေလို လပြည့်တိုင်း အခမ်းအနားတွေ ရှိပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here