ဘုရင့်ညီဂူအနီးမှ ဖျက်ဆီးခံခဲ့ရသည့် တံတားအားပြန်လည်ပြင်ဆင်ပြီး၍ ဖြတ်သန်းနိုင်ပြီ

0
147

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဘားအံ – သထုံသွားကားလမ်းပေါ်ရှိ ဘုရင့်ညီဂူအနီးမှ မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် တံတားအမှတ်(၁/၁၃)အား ဘားအံခရိုင်လမ်းဦးစီးဌာနမှ ပြန်လည်ပြင်ဆင်ပြီးဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

တံတားအမှတ်(၁/၁၃)၏ ပျက်စီးသွားသည့် အောက်ခြေတိုင်များ၊ တံတားလက်ရမ်းများ၊ အက်ကွဲကြောင်းများဖြစ်ပေါ်ခဲ့သည့် တံတားကြမ်းခင်းများအား ပြန်လည်ပြင်ဆင်ပြီးဖြစ်သဖြင့် ယနေ့ ဇူလိုင် ၂၃ ရက်မှ စတင်ကာ ဖြတ်သန်းသွားလာမည့် ကားများအား ယခင်အတိုင်းပုံမှန်ပြန်လည်ဖြတ်သန်းခွင့်ပြု​နေကြောင်း သိရသည်။

“မိုင်း ခွဲခံရတဲ့နေ့က တံတားအခြေအနေကို သွားကြည့်တော့ အတော်အခြေအနေဆိုးတယ်။ အခု ပြင်ဆင်ပြီးသွားပြီဆိုတော့ စိတ်ချလက်ချဖြတ်လို့ရသွားပြီ။ သိရသလောက်တော့ အကြီးစားပြင်ဆင်တာလို့သိထားတယ်။ ပြင်ဆင်ဆဲကာလမှာ တံတားကိုတစ်ခြမ်းဖွင့်ထားပေးတယ် အဲဒီဖက်ကသွားပေါ့ ။ကုန်ကားတွေဆိုရင် တစ်စီးပြီးမှ နောက်ထပ်တစ်စီး ဖြတ်ရတာ”ဟု ဒေသခံတစ်ဦးကပြော သည်။

ဘားအံ – သထုံ သွားကားလမ်းပေါ် ဘုရင့်ညီဂူအနီးရှိ ပေ (၆၀) အရှည်ရှိသော တံတားအမှတ်(၁/၁၃) သည် ဇူလိုင် (၁၀) ရက်နံနက်ပိုင်းက မိုင်းခွဲဖျက်ဆီးခံခဲ့ရခြင်းဖြစ်ပြီး ယင်း တံတားသည် ဘားအံ-သထုံသွားကားလမ်းပိုင်း၌ အရှည်ဆုံးတံတားဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here