မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တွင် အမှိုက်တစ်ပိဿာလျှင် ၁၀၀ ကျပ်ဖြင့်ဝယ်ယူ၍ စနစ်တကျအမှိုက်စွန့်ပစ်​ပေး

0
93

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် (၉) ခုရှိ မြို့နယ် (၁၄၁) မြို့နယ်တွင် စုပေါင်းသန့်ရှင်းရေးများပြုလုပ်

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၉) ခုရှိ မြို့နယ် (၁၄၁) မြို့နယ်အား သန့်ရှင်းသောမြို့၊ရွာများဖြစ်စေရန် ဇူလိုင်(၂၂) ရက်က တိုင်းနှင့် ပြည်နယ်အလိုက်စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ပြုလုပ်ရာတွင် ရန်ကုန်တိုင်းရှိ မြို့နယ်(၄၅) မြို့နယ် ၊ ကချင်ပြည်နယ်ရှိ မြို့နယ်(၅) မြို့နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း၊ အရှေ့ပိုင်း)ရှိ မြို့နယ် (၁၀)မြို့နယ်၊ ဧရာဝတီတိုင်းရှိ မြို့နယ်(၂၆)မြို့နယ်၊ရခိုင်ပြည်နယ်ရှိ မြို့နယ် (၄)မြို့နယ်၊စစ်ကိုင်းတိုင်းရှိ မြို့နယ်(၁၂)မြို့နယ်၊မန္တလေးတိုင်းရှိ မြို့နယ်(၁၀)မြို့နယ်၊ပဲခူးတိုင်းရှိ မြို့နယ် (၂၈)မြို့နယ်နှင့် ကရင်ပြည်နယ်၊သံတောင်ကြီးမြို့တို့တွင်စုပေါင်း သန့်ရှင်းရေးများပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ မြို့နယ်များရှိ ဘုရား၊ စေတီပုထိုးများ၊ ဌာနဆိုင်ရာအဆောက်အဦများ၊ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ၊ ဆေးရုံများ၊ ဘိုးဘွားရိပ်သာများ၊ ဈေးများ၊ပန်းခြံများနှင့် လမ်း၊ တံတားများရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့် ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းတို့ကို ပြုလုပ်ပေးခဲ့ကြသည်။

စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းအား ဒေသခံများ၊ မြို့နယ် အသီးသီးမှ တာဝန်ရှိသူများ၊ စည်ပင် သာယာရေးအဖွဲ့များ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ၊ လုံခြုံရေး အဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ အ.လ.က (၂၆) ကျောင်းဝန်းအတွင်း စုပေါင်းအမှိုက်ကောက်ခြင်းနှင့် ရပ်ကွက်နေသူများထံမှ အမှိုက်တစ်ပိဿာလျှင် ၁၀၀ ကျပ်ဖြင့်ဝယ်ယူ၍ စနစ်တကျအမှိုက်စွန့်ပစ်ခြင်းများကိုလည်း လူငယ်များက ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here