နှစ်သောင်းတန် ဂယက်ကြောင့် ရွှေဈေးကွက်တွင် နေ့လယ်ပိုင်းအထိ စျေးမဖွင့်နိုင်သေးဘဲ သောကြာနေ့ အပိတ်ဈေးဖြင့်သာ အရောင်း အဝယ်ပြု လုပ်နေ

0
227

၂၀၀၀၀ တန် ငွေစက္ကူသစ် ထုတ်ဝေခြင်းသတင်းကြောင့် လှုပ်လှုပ်ခတ်ခတ်ဖြစ်နေသည့် ပြည်တွင်း ရွှေဈေး ကွက်မှာ ယနေ့ ဇူလိုင်လ (၂၄) ရက် နေ့လယ်ပိုင်းအချိန်အထိ ဈေးမဖွင့်နိုင်သေးဘဲ သောကြာနေ့ အပိတ်ဈေးဖြင့်သာ အရောင်းအဝယ်ပြုလုပ်နေကြကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။

ယမန်နေ့က နစက၏ ငွေသစ်ထုတ်ခြင်း သတင်းကြောင့် ရွှေဈေးကွက်အတွင်း မမှန်သတင်းများ ဖြန့်ဝေကာ ဈေးကစားရန် ကြိုးစားမှုများ ရှိနေပြီး ယင်းကဲ့သို့ ဈေးကစားရန် ကြံရွယ်နေမှုများကြောင့် လက်ရှိအချိန်ထိ ဈေးဖွင့်နိုင်ခြင်း မရှိသေးဘဲ ယခင်တစ်ပတ် ဈေးကွက်ပိတ်ချိန်အပိတ်ဈေးဖြင့်သာ အရောင်း အဝယ်ပြုလုပ်နေကြကြောင်း သိရသည်။

“ပုံမှန်အားဖြင့် မြန်မာနိုင်ငံအနေအထားအရ တခုခုဆိုရင် ဈေးကစားချင်တာတွေရှိတယ်။ လူမှုကွန်ရက်တွေမှာ ရွှေဈေးဘယ်လောက် ဘာညာဆိုပြီး ကောလာဟလ ပြောနေကြတာ။ အခုချိန်အထိတော့ ဈေးတော့မဖွင့်နိုင်သေးဘူး။ စောသေးတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က အပိတ်ဈေး ၃၀/၃၁ သိန်း ပတ်ချာလည်ဈေးနဲ့ပဲ အရောင်းအဝယ်လုပ်နေတာ ” ဟု မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းမှ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“မာရဝိဇိယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီး စီးမှုအထိမ်းအမှတ်နှင့် ၂၀၂၂ ခုနှစ် ဇူလိုင်လ (၂၃) ရက်တွင် မွေးဖွားသည့် ဆင်ဖြူတော်ရတနာ “ရဌနန္ဒက” ၏ တစ်နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အနေဖြင့် “နှစ်သောင်းကျပ်တန်”ငွေစက္ကူအမျိုးအစားအသစ်ကို အထိ မ်းအမှတ်ငွေအဖြစ် လာမည့် ဇူလိုင်လ (၃၁) ရက်နေ့မှစ တင်ပြီး ထုတ်ဝေကာ ငွေစက္ကူအဟောင်းများနှင့်လဲလှယ်မည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအား အများဆုံး (၃) ရွက်စီ လဲလှယ်ပေးမည် မည်ဖြစ်ကြောင်း နစက ကအသိပေးကြေညာထားသည်။

အဆိုပါ သတင်းကြောင့် ဈေးကွက်ပိတ်ရက်ဖြစ်သည့် ယမန်နေ့ (တနင်္ဂနွေ) နေ့၌ပင် ပြည်တွင်း ရွှေဈေးကွက်နှင့် နိုင်ငံခြားငွေဈေးကွက် အတွင်း၌ ကောလာဟလသတင်းများဖြန့်ဝေကာ ဈေးကစားရန် ကြိုးစားမှုများကြောင့် လှုပ်လှုပ်ခတ်ခတ်ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ရွှေနှင့် ဒေါ်လာအား ဈေးကစားရန် ကြံရွယ်၍ မမှန်သတင်း ဖြန့်သူများနှင့် ဈေးကစားသူများအား သက်ဆိုင်ရာက ဖမ်းဆီမှုများ လုပ်ဆောင်ခဲ့ကြောင်းလည်း ယမန်နေ့ ညပိုင်းကပင် အတည်မပြုနိုင်သော သတင်းများ ထွက်ပေါ်ခဲ့သည်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကလည်း ငွေစက္ကူထုတ်ဝေခြင်းနှင့်ပတ်သက်ပြီးကောလာဟလ များ လွှင့်ထုတ်၍ ကုန်ဈေးနှုန်းမတည်မငြိမ်ဖြစ်စေရန် ဆောင်ရွက်ခြင်း၊ ရွှေဈေးနှုန်းမတည်မငြိမ်ဖြစ်အောင် ရောင်း ဝယ်ဆောင်ရွက်ခြင်းများ မပြုလုပ်ကြရန် ပန်ကြားထားသည်။

“ကျွန်တော်တို့ကတော့ ဥပဒေအတိုင်း လုပ်ဆောင်တာပါ။ ဈေးကစားတဲ့ သူတွေကိုတော့ သက်ဆိုင်ရာဌာနကအရေး ယူဆောင်ရွက်ပါလိမ့်မယ်။ အရေးယူနေတာတွေလည်းရှိပါတယ်။ ဒီဟာအပေါ်မှာတော့ မှတ်ချက်မပေးချင်ပါဘူး” ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ထို့အပြင် ဈေးကွက်အတွင်း၌ ရွှေဈေးနှုန်းတည်ငြိမ်ရေးအတွက် ရွှေကုန်သည်များ၊ အသင်းသူ/သားများ၊ ရွှေဆိုင်များ ပူးပေါင်းဆောင်ရွက်ကြရန်လည်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အသင်းက မေတ္တာရပ်ခံထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here