မင်းကင်းမြို့ကို ဗဟိုပြု၍ ရစ်(ခ်)တာစကေး (၄.၃) အဆင့် အင်အားရှိ မြေငလျင်လှုပ်ခတ်

0
177

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၃) အဆင့် အင်အားရှိ မြေငလျင်လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၅) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၂) နာရီ၊ (၄၄) မိနစ်၊ (၃၀) စက္ကန့် အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ အ‌ရှေ့-အ‌ရှေ့မြောက်ဘက် (၅၇) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (မင်းကင်းမြို့၏ တောင်-အနောက်တောင်ဘက် (၄) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၂.၈၂) ဒီဂရီ၊ အရှေ့လောင်ဂျီ တွဒ် (၉၄.၄၇) ဒီဂရီ၊ အနက် (၁၁၇) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၃) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးဇလက ထုတ်ပြန်ကြေညာထားသည်။

ယခုဇူလိုင်လအတွင်း ရစ်(ခ်)တာစကေး (၄)မှ(၅) ဝန်းကျင် အင်အားရှိ မြေငလျင်များ ရက်ခြားလှုပ်ခတ်မှုရှိနေကြောင်းနှင့် မြန်မာနိုင်ငံတွင် ငလျင်ဘေးအန္တရာယ်ဖြစ်ပွားမှုများအနေဖြင့် ၂၀၁၅ ခုနှစ်မှ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၂ ရက်အထိ ငလျင် (၈၄၆) ကြိမ် လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည့် မှတ်တမ်းများအရ သိရသည်။

မြန်မာနိုင်ငံ၏ပထဝီအနေအထားအရ ကမ္ဘာပေါ်တွင် ငလျင်အများဆုံးဖြစ်ပေါ်စေသည့် ဇုန်တစ်ခုဖြစ်သည့် အယ်လ်ပိုဒ်(ALPIDE)ငလျင်ရပ်ဝန်းအတွင်း တည်ရှိနေသည့်အပြင် နိုင်ငံအတွင်း ငလျင်လှုပ်ရှားမှုများ ဖြစ်ပေါ်စေနိုင်သည့် ပြတ်ရွေ့များစွာရှိပြီး ၄င်းပြတ်ရွေ့များထဲတွင် နိုင်ငံ၏အလယ်ကို ဖြတ်ကာ မြောက်မှတောင်သို့ သွယ်တန်းလျက်ရှိသည့် စစ်ကိုင်းပြတ်ရွေ့သည် အရှည်လျားဆုံးဖြစ်ကြောင်း သိရသည်။

ဘေးအန္တရာယ်အမျိုးမျိုးရှိသည့်အနက် မုန်တိုင်းတိုက်ခတ်ခြင်း၊ ရေကြီးရေလျှံခြင်း၊ ငလျင်လှုပ်ခတ်ခြင်းများသည် အပျက်အစီးအများဆုံးဖြစ်စေနိုင်သော ဘေးအန္တရာယ်များဖြစ်ပြီး ငလျင်မှလွဲ၍ ကျန်ရှိသောဘေးအန္တရာယ်များသည် ကြိုတင်ခန့်မှန်းနိုင်သည့်အတွက် ပြင်ဆင်ခြင်းများဆောင်ရွက်နိုင်သော်လည်း ငလျင်ဘေးအန္တရာယ်မှာမူ ကြိုတင်ခန့်မှန်းမှုများ ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here