အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် တစ်ရက်အတွင်း မုန်တိုင်းငယ်အဖြစ် ရောက်ရှိပြီး အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်တောင်ပိုင်းကမ်းခြေသို့ ဖြတ်ကျော်ဝင်ရောက်နိုင်

0
197

အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် တစ်ရက်အတွင်း မုန်တိုင်းငယ်အဖြစ်ရောက်ရှိပြီး အိန္ဒိယနိုင်ငံ၊ဩရိဿပြည်နယ်တောင်ပိုင်းကမ်းခြေသို့ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။

ဘင်္ဂလားပင်လယ်အော်၌ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် လာမည့် ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်ကြောင်း၊ ယင်းအားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း၊ အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်ပြည်နယ်မြောက်ပိုင်းကမ်းလွန်-ဩရိဿပြည်နယ် တောင်ပိုင်းကမ်းခြေတွင် ဆက်လက်တည်ရှိနေကြောင်း သိရသည်။

ယင်းအခြေအနေကြောင့် လာမည့် ၂၄ နာရီအတွင်း ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်ရောက်ရှိ၍ အနောက် မြောက်ဘက်သို့ ဖြေးညှင်းစွာရွေ့လျားပြီး အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်ပြည်နယ်မြောက်ပိုင်း-ဩရိဿပြည်နယ်တောင်ပိုင်းကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု မိုးဇလက ခန့်မှန်းထားသည်။

အဆိုပါ မုန်တိုင်းငယ်အရှိန်ကြောင့် ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်တွင် မနက်ဖြန်နံနက်ပိုင်းအထိ မိုးတစ်ကြိမ်၊ နှစ်ကြိမ် မိုးထစ်ချုန်းရွာနိုင်ပြီး နေပြည်တော်နှင့်အနီးတစ်ဝိုက်တွင်လည်း မနက်ဖြန်နံနက်ပိုင်းအထိ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ကာ မန္တလေးမြို့နှင့်အနီးတစ်ဝိုက်၌ မနက်ဖြန်နံနက်ပိုင်းအထိခန့်မှန်းချက်အရ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဟု မိုးဇလကထုတ်ပြန်ခဲ့သည်။

မနက်ဖြန်နံနက်ပိုင်းအထိခန့်မှန်းချက်အရ မကွေးတိုင်း၊ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ ကျန်တိုင်းနှင့်ပြည်နယ်တို့တွင် နေရာအနှံအပြား မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး မွန်ပြည်နယ်၌ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလက ခန့်မှန်းထားသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်လည်း တစ်ခါတစ်ရံ မိုးသက် လေပြင်းများကျရောက်၍ ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ(၃၅)မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ (၇)ပေမှ (၉)ပေခန့်အထိ ရှိနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here