မလေးရှားကုန်တင်သင်္ဘောနစ်မြုပ်မှုတွင် ပျောက်ဆုံးသွားသည့် မြန်မာသင်္ဘောသား (၄) ဦး အပါအဝင် သင်္ဘောသား (၅) ဦး ငါးရက်ကြာသည်အထိ ရှာမတွေ့သေး

0
156

ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်က မလေးရှားရေပိုင်နက်အတွင်း ကုန်တင်သင်္ဘော နစ်မြုပ်ရာတွင်ပါသွားပြီး ပျောက်ဆုံးနေသည့် မြန်မာသင်္ဘောသား (၄) ဦး အပါအဝင် သင်္ဘောသား (၅) ဦး ငါးရက်ကြာသည်အထိ ရှာမတွေ့သေးကြောင်း မလေးရှား ရေကြောင်းထိန်းသိမ်းရေးအေဂျင်စီ (Maritim Malaysia)၏ ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ သင်္ဘောနစ်မြုပ်ရာတွင် မြန်မာသင်္ဘောသား လေးဦး အပါအဝင် (၉) ဦးပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ မြန်မာသင်္ဘောသား (၄) ဦး အပါအဝင် သင်္ဘောသား (၅) ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယင်းပျောက်ဆုံးနေသည့် သင်္ဘောသား (၉) ဦးကို မလေးရှားနိုင်ငံ ကယ်ဆယ်ရေးအဖွဲ့မှ ဇူလိုင်လ ၂၀ ရက်၊ နေ့လယ်ပိုင်းမှစတင်ကာ ရဟတ်ယာဉ်များ၊ သင်္ဘောများဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ဆာရာဝပ်ပြည်နယ် Maritime က Pulau Burung မြို့၏ အရှေ့မြောက်ဘက် ရေမိုင် (၁၅) မိုင်ခန့်အကွာတွင် ရေထဲမြောနေသည့် အလောင်းလေးလောင်းကိုသာ တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေသော်လည်း ယနေ့ ဇူလိုင်လ ၂၅ ရက်အထိ ကျန်ရှိနေသော ပျောက်ဆုံးသူများကို မတွေ့ရှိသေးကြောင်းနှင့် ပျောက်ဆုံးသူများမှာ အသက် ၂၀ နှစ်နှင့် ၅၀ နှစ်ကြားရှိသူများဖြစ်ကြာင်း သိရသည်။

အဆိုပါ နစ်မြုပ်မှုတွင်ပါသွားသည့် မြန်မာသင်္ဘောသား‌လေးဦးမှာ ကိုသက်မင်းဇူလိုင် အသက် (၂၃) နှစ် (Deck Rating) ၊ ကိုရဲလင်းထက် (၂၁) နှစ် အသက် (Deck Rating) ၊ ကိုလှဝင်းထွန်း အသက် (၂၄) နှစ် (Engine Rating)၊ ကိုထွန်းလင်းဦး အသက် (၂၀) နှစ် (Engine Rating)တို့ဖြစ်ကြောင်းနှင့် ၎င်းမြန်မာသင်္ဘောသားများအတွက် မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်အနေဖြင့် မိသားစုဝင်များဘက်မှ လာရောက်အကူအညီတောင်းခံပါက ရပိုင်ခွင့်များအတွက် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

Photo-Maritim Malaysia


LEAVE A REPLY

Please enter your comment!
Please enter your name here