ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်နေမှုကို အတိုးနှုန်းမြှင့်တင်ခြင်းဖြင့် ထိန်းကျောင်းမည်မဟုတ်ဟု ဗဟိုဘဏ်ပြော

0
228

လက်ရှိဖြစ်ပေါ်နေသည့် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်နေမှုကို အတိုးနှုန်းမြှင့်တင်ခြင်းဖြင့် ထိန်းကျောင်းမည်မဟုတ်ကြောင်း၊ ယင်းသို့ထိန်းကျောင်းမည်ဆိုပါက မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးသွားနိုင်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဇူလိုင်လ (၂၄) ရက်တွင် ထုတ်ပြန် အသိပေးထားသည်။

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်လျက်ရှိသော ငွေကြေး ဖောင်းပွမှုနှုန်း မြင့်တက်မှုသည် ငွေကြေးပမာဏနှင့် ဝယ်လိုအားမြင့်တက်မှု (Demand pull)ကြောင့် ဖြစ်ပေါ်ခြင်းမျိုးမဟုတ်ဘဲ အတိုးနှုန်း မြှင့်တင်ခြင်းဖြင့် ထိန်းကျောင်းဆောင်ရွက်မည်ဆိုပါက မေခရိုစီးပွားရေး အခြေခံအားနည်းသည့် မိမိတို့နိုင်ငံအနေဖြင့် စီးပွားရေးစနစ်အတွင်း ငွေကြေးပမာဏလျော့နည်းသွားခြင်းကြောင့် စီးပွားရေးတိုးတက်မှုနှုန်း လျာထားချက်ကိုရရှိရန် ပံ့ပိုးပေးနိုင်မည့် လိုအပ်သည့် ငွေကြေးပမာဏ မရရှိသဖြင့် စီးပွားရေးတိုးတက်မှု နှေးကွေးနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ဘဏ်လုပ်ငန်းစနစ်အတွင်း ပုံမှန်အနေအထားသို့ ပြန်လည်ဦးတည်နေသည့် ငွေကြေးလည်ပတ်မှု အနေခြအနေအား ထိခိုက်စေနိုင်ခြင်း၊ စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်လည်ပတ်ချိန်တွင် အတိုးနှုန်းမြှင့်တင်ခြင်းကြောင့် လုပ်ငန်းစရိတ်များ၊ ထုတ်လုပ်မှုစရိတ်များမြင့်တက်စေခြင်း၊ ချေးငွေရယူနိုင်မှုကို အဟန့်အတားဖြစ်စေခြင်းမှတဆင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ကြောင်း ဗဟိုဘဏ်၏ အဆိုရ သိရသည်။

ထို့အပြင် ထပ်ဆင့်အကျိုးဆက်များအနေဖြင့်အလုပ်အကိုင်အခွင့်လမ်းများ နည်းပါးပြီး အလုပ်လက်မဲ့နှုန်းများလည်း မြင့်တက်လာနိုင်ကြောင်း ဗဟိုဘဏ်က သုံးသပ်ထားသည်။

လက်ရှိတွင် ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း နိုင်ငံခြားငွေ ပိုမိုဝင်ရောက်လာရေးအတွက် ပို့ကုန်ရငွေများ ပြန်လည်ဝင်ရောက်ရန် တွန်းအားပေးခြင်းကို ဆောင်ရွက်လျက်ရှိပြီး ပြည်ပရောက်မြန်မာနိုင်ငံသားများမှ လုပ်ခလစားများကို တရားဝင်လမ်းကြောင်း (ဘဏ်များ၊ တရားငွေလွှဲလုပ်ငန်းများ)မှ တဆင့် ပိုမိုဝင်ရောက်လာရေး ဝန်ဆောင်မှုကဏ္ဍ၊ Non Trade တို့မှ ဝင် ငွေများ ဝင်ရောက်စေရေး အလေးထားဆောင်ရွက်နိုင်ရန် မူဝါဒပိုင်းဆိုင်ရာ ချိတ်ဆက်နိုင်ရန် အခြားသော ဝန်ကြီး ဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ဗဟိုဘဏ်အနေဖြင့် တိုင်းပြည်၏ စီးပွားရေးတိုးတက်မှု အခြေအနေ၊ စီးပွားရေးစနစ်အတွင်းရှိ ငွေကြေးပမာဏ၊ ဘဏ်လုပ်ငန်းကဏ္ဍ၏ ငွေကြေးအခြေအနေတို့အား စဥ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုလျက် ဘဏ်လုပ်ငန်းကဏ္ဍတည်ငြိမ်ရေး၊ ငွေကြေးတည်ငြိမ်ရေး၊ ငွေလဲလှယ်နှုန်း တည်ငြိမ်ရေးတို့အား ချိန်ဆဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေအခန်း (၇) ပုဒ်မ ၄၅၊ ငွေကြေးတည်ငြိမ်ရေး ဆိုင်ရာလုပ်ငန်း ဆောင်ရွက်ခြင်းပါ ပြဋ္ဌာန်းချက်များအရ ဗဟိုဘဏ်သည် အတိုးနှုန်းမှုဝါဒချမှတ်ခြင်း၊ အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်သတ်မှတ်ဆောင်ရွက်ခြင်း၊ ပျမ်းမျှပိုလျှံသီးသန့်ငွေအပေါ် အတိုးပေးခြင်း၊ လွတ်လပ်သောဈေးကွက် လုပ်ဆောင်မှုများဆောင်ရွက်ခြင်း စသည့်ငွေကြေးမူဝါဒနည်းလမ်း (၄) ခုအား ကျင့်သုံး၍ ငွေကြေးပမာဏအား ရည်မှန်းချက်ဘောင်အတွင်းရရှိစေရန် ထိန်းကျောင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here