နည်းပညာအသုံးပြုလိမ်လည်နေခြင်းအား နိုင်ငံအလိုက် ပူးပေါင်းနှိမ်နင်းမှုများဆောင်ရွက်​နေ​သော်လည်း နယ်စပ်ဒေသများတွင် ဆက်လက်များပြားနေဆဲဖြစ်

0
135

မြန်မာနိုင်ငံရှိ အင်တာနက်အသုံးပြုသူ ပြည်သူလူထုအကြားပျံ့နှံ့နေသည့် အွန်လိုင်းလောင်းကစားမှုများနှင့် လိမ်လည်မှုများကို အမြစ်ပြတ်တိုက်ဖျက်ပစ်ရန် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai က တိုက်တွန်း ပြောကြားလိုက်သည်။

ဇူလိုင်လ (၂၅) ရက် နံနက်ပိုင်းက နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တွေ့ဆုံစဥ် တရုတ်သံအမတ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် ဆက်သွယ်ရေးနည်းပညာအသုံးပြုလိမ်လည်နေသည့် ရာဇဝတ်မှုများပျံ့နှံနေခြင်းအား တရုတ် -မြန်မာ နှစ်နိုင်ငံ၊ တရုတ် – မြန်မာ – ထိုင်း သုံးနိုင်ငံ ပူးပေါင်းတိုက်ဖျက်နှိမ်နင်းမှုများဆောင်ရွက်ခဲ့ရာ ကနဦးအနေဖြင့် ရလဒ်ကောင်းများရရှိခဲ့သော်လည်း မြန်မာနိုင်ငံမြောက်ပိုင်းအပါအဝင် မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် အဆိုပါ လိမ်လည်သည့်လုပ်ငန်းများ ဆက်လက်များပြားနေဆဲဖြစ်ကြောင်း မစ္စတာချန်းဟိုင်က ထောက်ပြ ပြောကြားခဲ့သည်။

အဆိုပါ လုပ်ငန်းများသည် တရုတ် – မြန်မာ နှစ်နိုင်ငံပြည်သူများ၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ဆိုးရွားစွာထိခိုက်နေသည့်အတွက် နှစ်နိုင်ငံအနေဖြင့် အားကောင်းသော အစီအမံများကို ဆက်လက်ဆောင်ရွက်ပြီး အခြားအိမ်နီးချင်းနိုင်ငံများနှင့်ပါ ပူးပေါင်းကာ တိုက်ဖျက်နှိမ်နင်းမှုများ လုပ်ဆောင်သင့်သည်ဟုလည်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်သွယ်ရေး နည်းပညာသုံးကာ လိမ်လည်သည့်လုပ်ငန်းများ ခိုအောင်းနေသည့်နေရာများကို အစွမ်းကုန်နှိမ်နင်း၍ ပိတ်မိနေသော တရုတ်နိုင်ငံသားများကို ကယ်တင်ကာ မြန်မာနိုင်ငံအတွင်းရှိ ဆက်သွယ်ရေးလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှု အကြွင်းအကျန်များကို အမြစ်ဖြတ်ပစ်ရမည်ဖြစ်ပြီး ရာဇဝတ်မှုကျူးလွန်သောအင်အားစုများနှင့် ၎င်းတို့၏ အဖွဲ့ဝင်များကို ဥပဒေနှင့်အညီ အရေး ယူရမည်ဟု သံအမတ်ကြီးက ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ဆက်သွယ်ရေးနည်းပညာအသုံးပြု လိမ်လည်မှုများသည် မြန်မာနိုင်ငံ၏ ပုံရိပ်ကိုထိခိုက်စေပြီး ပြည်တွင်း/ပြည်ပမှ ပြည်သူများကို စိုးရိမ်ပူပန်မှုများဖြစ်စေသဖြင့် မြန်မာနိုင်ငံအနေဖြင့် ယင်းလိမ်လည်မှုများနှင့် လောင်းကစားမှုများကို တိုက်ဖျက်နှိမ်နင်းရေးတွင် ရပ်တည်ချက်ပြတ်သားကြောင်း နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက တရုတ်သံအမတ်၏ တိုက်တွန်းပြောကြားချက်များနှင့် ပတ်သက်၍ တုန့်ပြန်ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် တရုတ်အပါအဝင် သက်ဆိုင်ရာအိမ်နီးချင်းနိုင်ငံများနှင့်အတူ နောက်ဆက်တွဲ တိုက်ဖျက်နှိမ်နင်းရေးလှုပ်ရှားမှုများကို ညှိနှိုင်းဆောင်ရွက်၍ ပုံမှန်ပူးပေါင်းဆောင်ရွက်ရေးယန္တရားထူထောင်ရန်ဆွေးနွေးကာ မြန်မာနိုင်ငံပြည်တွင်း၌ ဆက်သွယ်ရေးနည်းပညာအသုံးပြု လိမ်လည်မှုများ၊ လောင်းကစားမှုများနှင့် ဆက်စပ်နေသော မသမာသူများကို ကြောက်ရွံ့တုန်လှုပ်စေကာ နှစ်နိုင်ငံပြည်သူများ၏ လုံခြုံရေးနှင့်အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သွားမည်ဟု ပြောကြားခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here