ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရာထူးမှအနားယူတော့မည်ဟုဆို

0
210

ဖနွမ်းပင်၊ဇူလိုင် ၂၆

ကမ္ဘောဒီးယားဝန်ကြီးချုပ်မစ္စတာဟွန်ဆန်က ၎င်းအနေဖြင့် ဝန်ကြီးချုပ်ရာထူးမှအနားယူလိုက်ပြီဖြစ်ကြောင်း ယနေ့ ဇူလိုင်လ ၂၆ ရက်နေ့တွင်ကြေငြာခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ၏ဘုရင်မင်းမြတ်က ဩဂုတ်လ ၇ ရက်နေ့တွင် ဝန်ကြီးချုပ်အသစ်အားခန့်အပ်ကြောင်းကြေငြာမည်ဖြစ်ပြီး နောက်ထပ်ဝန်ကြီးချုပ်အသစ်မှာ မစ္စတာဟွန်ဆန်၏သားဖြစ်သည့် မစ္စတာဟွန်မာနက်ထ်ဖြစ်သည်ဟုလည်းသိရသည်။

မစ္စတာဟွန်ဆန်ကမူ ၎င်းအနေဖြင့် ရာထူးမှအနားယူပြီးနောက်ပိုင်းတွင် သားဖြစ်သူဝန်ကြီးချုပ်၏ လုပ်ငန်းကိစ္စများ၌ ဝင်ရောက်စွက်ဖက်မည်မဟုတ်ဟုလည်းပြောကြားခဲ့သည်။
၎င်းအ‌နေဖြင့်ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခြင်းသည် ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် ရေရှည်တည်ငြိမ်မှု၏ ရှေ့ပြေးဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

ဆက်လက်၍လည်းမစ္စတာဟွန်ဆန်က ၎င်း၏သားဖြစ်သူဟွန်မာနက်ခ်သည် ယခုဝန်ကြီးချုပ်ရာထူးအား အ‌မွေဆက်ခံသည့်ပုံမျိုးမဟုတ်ဘဲ ဥပဒေလမ်းကြောင်းအတိုင်း လွှတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်ဟုလည်းဆိုခဲ့သည်။

မစ္စတာဟွန်ဆန်ကမူဝန်ကြီးချုပ်အဖြစ်မှနှုတ်ထွက်ပြီးပါက ဘုရင်ကောင်စီ၏ ဥက္ကဋ္ဌအဖြစ် ၄င်းကို ကမ္ဘောဒီးယားဘုရင်မင်းမြတ်ကခန့်အပ်မည်ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

မစ္စတာဟွန်ဆန်သည် ကမ္ဘောဒီးယား၀န်ကြီးချုပ်အဖြစ် ၃၈ နှစ်ကြာ စံချိန်တင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် ၎င်း၏အာဏာရကမ္ဘောဒီးယားပြည်သူ့ပါတီက အပြတ်အသတ်အနိုင်ရပြီးနောက် ရာထူးမှနုတ်ထွက်ခဲ့ခြင်းလည်းဖြစ်သည်။

Source : Khmertimes


LEAVE A REPLY

Please enter your comment!
Please enter your name here