သီလဝါ စက်မှုဇုန်၌ စွမ်းအင်သစ်သုံး မော်တော်ယာဥ်စက်ရုံ တည်ထောင်နိုင်ရန် မြန်မာ – တရုတ် နှစ်နိုင်ငံ ဆွေးနွေး

0
124

သီလဝါအထူးစီးပွားရေးဇုန်၌ စွမ်းအင်သစ်သုံး မော်တော်ယာဥ်စက်ရုံ တည်ထောင်နိုင်ရန်အတွက် မြန်မာ – တရုတ် နှစ်နိုင်ငံ ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

အဆိုပါ စွမ်းအင်သစ်သုံးမော်တော်ယာဥ် ထုတ်လုပ်တပ်ဆင်သည့် စက်ရုံများ တည်ထောင်၍ လာရောက်ရင်းနှီးမြှုပ်နှံရန်ဖိတ်ခေါ်ကြောင်း မြန်မာကောင်စစ်ဝန်ချုပ်နှင့် တရုတ်ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအကြား စံချိန်စံညွှန်းဆိုင်ရာနှင့် နည်းပညာကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် Guangxi Institute of Science and Technology မှ ညွှန်ကြားရေးမှူး Ms.Cai Xuping ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာကောင်စစ်ဝန်ချုပ် ဦးကျော်စိုးသိန်းအား ပြီးခဲ့သည့် ဇူလိုင်လ (၂၄) ရက်တွင် တရုတ်နိုင်ငံ၊ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ လာရောက်တွေ့ဆုံစဥ် ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Ms.Cai Xuping က ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၂- ၁၃ ရက်များတွင် ကွမ်ရှီးဒေသ၊ လျှိကျိုးမြို့၌ ကျင်းပမည့် (၃) ကြိမ်မြောက် China-ASEAN Standardization Cooperation Forum သို့ ကောင်စစ်ဝန်ချုပ် အပါအဝင် မြန်မာနိုင်ငံမှ သက်ဆိုင်ရာ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်နိုင်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ကောင်စစ်ဝန်ချုပ်မှ ဖိုရမ်၌ ဆွေးနွေးမည့် ခေါင်းစဥ်များအနက် စွမ်းအင်သစ်သုံးမော်တော်ယာဥ်ခေါင်းစဥ်တွင် လာရောက်လေ့လာနိုင်ရန် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ လုပ်ငန်းရှင်များကိုလည်း ဖိတ်ခေါ်တက်ရောက်စေလိုကြောင်းနှင့် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံမှ လျှပ်စစ်သုံး မော်တော်ယာဥ်များ အများဆုံး တင်သွင်းလျက်ရှိပြီး လျှိကျိုးမြို့သည် လျှပ်စစ်သုံးမော်တော်ယာဥ် အဓိကထုတ်လုပ်သည့် မြို့တစ်မြို့ဖြစ်သောကြောင့် ယင်းကဲ့သို့ လာရောက်လေ့လာနိုင်ခြင်းဖြင့် နှစ်ဖက်လုပ်ငန်းရှင်များအကြား လုပ်ငန်းချိတ်ဆက်မှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်မည်ဟု ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာကောင်စစ်ဝန်ချုပ်မှ မြန်မာနိုင်ငံရှိ သီလဝါ အထူးစီးပွားရေးဇုန်၌ စွမ်းအင်သစ်သုံးမော်တော်ယာဥ် ထုတ် လုပ်တပ်ဆင်သည့် စက်ရုံများ တည်ထောင်၍ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ကြောင်း ပြောကြားခဲ့မှုအပေါ် Ms.Cai Xuping က မြန်မာကိုယ်စားလှယ်အဖွဲ့ လျှိကျိုးမြို့တွင် စွမ်းအင်သစ်သုံးမော်တော်ယာဥ် ထုတ်လုပ်တပ်ဆင်သည့်စက်ရုံသို့ သွားရောက်လေ့လာနိုင်ရေးကို စီစဥ်ပေးသွားမည်ဖြစ်ပြီး စွမ်းအင်သစ်သုံး မော်တော်ယာဥ်နှင့် ပတ်သက်သည့် ဖိုရမ်တစ်ခုကိုလည်း စီစဥ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here