ချင်းမိုင်တက္ကသိုလ်ရဲ့ အချစ်တော် ခွေးလေး သေဆုံးစေမှုနဲ့ ထိုင်းရဲတစ်ဦး ထောင်ချခံရ

0
215

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က ရဲတပ်ကြပ်တစ်ယောက်ဟာ Tia Mor Chor ဆိုတဲ့ ခွေးလေးကို သေဆုံးစေမှုနဲ့ ထောင်ဒဏ် ၆ လ ချမှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ခွေးလေး Tia ဟာ ပိုင်ရှင်မဲ့ ခွေးလေခွေးလွင့်ဖြစ်ပေမယ့် ချင်းမိုင်တက္ကသိုလ် (CMU) က ကျောင်းသားတွေရဲ့ ချစ်မြတ်နိုးတာခံရတဲ့ ခွေးလေးဖြစ်ပါတယ်။ သူရဲ့ နာမည်ကိုက ချင်းမိုင်တက္ကသိုလ်ကို ကိုယ်စားပြုနေတာပါ။ Tia ဆိုတာ ထိုင်းလို အရပ်ပုတာကို ဆိုလိုပြီး Mor Chor ကျတော့ CMU ကို အတိုကောက် ခေါ်တာဖြစ်တဲ့အတွက် ချင်းမိုင်တက္ကသိုလ်က ခွေးပုလေးလို့ အဓိပ္ပာယ်ရပါတယ်။

Tia ဟာ သိပ္ပံ မဟာဌာနမှာ နေထိုင်ပေမယ့် တက္ကသိုလ်ဝန်းအတွင်း မကြာခဏ လျှောက်သွားလေ့ရှိပါတယ်။ သူဟာ ကျောင်းရဲ့ ပွဲတော်တွေမှာလည်း ပါဝင်လေ့ရှိပြီး တက္ကသိုလ်မှာ နှစ်စဉ်ကျင်းပတဲ့ ၈ မိုင်ကျော် ကျောင်းသားသစ်များ အပြေးပြိုင်ပွဲမှာတောင် ပါဝင်ဆင်နွှဲခဲ့ပါတယ်။

Tia ကို ချစ်တဲ့သူတွေဟာ သူ့အတွက် ၂၀၁၅ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ “Tia Story” နဲ့ “Tia Mor Chor” ဆိုတဲ့ ဖေ့ဘွတ်ခ်အကောင့်တွေတောင် လုပ်ပေးခဲ့ပါသေးတယ်။ Tia ရဲ့ နာမည်ကြီးပုံက ဒုတိယ ဖေ့ဘွတ်ခ်အကောင့်မှာဆို ဖော်လိုဝါ ၂၆၇,၀၀၀ ဦး အထိ ရှိခဲ့ပါတယ်။

ဒီလိုနဲ့ ၂၀၂၀ ပြည့်နှစ် မေလ ၄ ရက်နေ့မှာတော့ Tia ဟာ ပျောက်ဆုံးသွားခဲ့ပါတယ်။ မေလ ၅ ရက်နေ့ကနေ စ ပြီးရှာဖွေခဲ့တာ မေလ ၇ ရက်နေ့ရောက်မှ ရာဂျာမန်ဂလာ နည်းပညာတက္ကသိုလ်အနီးက တောအုပ်ထဲမှာ သေဆုံးလျက် တွေ့ရှိခဲ့ပါတယ်။ Tia ကိုတွေ့ချိန်မှာတော့ ဒဏ်ရာဗလပွနဲ့ အရိုးကျိုးနေပြီး အိတ်တစ်ခုထဲ ထည့်ခံထားတာကို တွေ့ခဲ့ရတာပါ။

အဲဒီနောက် Tia ကို အစာကျွေးနေကြ CMU ဝန်ထမ်းတွေက ရဲစခန်းဆီတိုင်ပြီး တရားခံကို ရှာခိုင်းခဲ့တယ်။ ရဲတွေရဲ့ စုံစမ်းချက်ကနေ သိလိုက်ရတာက တရားခံဟာ ပရင်ညာ ပန်ရာဘူတာ လို့ခေါ်တဲ့ ရဲတပ်ကြပ်ဖြစ်နေပါတယ်။ ပရင်ညာရဲ့ အဆိုအရကတော့ Tia ကို ဆိုင်ကယ်စီးဖို့ ခေါ်သွားချိန်မှာ မတော်တဆ ပြုတ်ကျသွားပြီး နောက်ဘီးနဲ့ ကြိတ်မိကာ သေသွားခဲ့တာလို့ သိရပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၅ ရက်နေ့မှာတော့ ချင်းမိုင် တရားရုံးဟာ ပရင်ညာကို တိရစ္ဆာန်အပေါ် လူမဆန်စွာ ဆက်ဆံမှုနဲ့ ထောင် ၆ လ ကျခံဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ချင်းမိုင်ရဲ့ တိရစ္ဆာန်ဆိုင်ရာ ခန္ဓာဗေဒ နဲ့ ရောဂါဗေဒပြတိုက်မှာ Tia ရဲ့ အရိုးစုကို အမှတ်တရအနေနဲ့ ပြသထားတာ တွေ့ရပါတယ်။

Source: Mothership


LEAVE A REPLY

Please enter your comment!
Please enter your name here