မြန်မာ – တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှု တိုးမြှင့်ရန် ရထားလမ်းကွန်ရက် ချိတ်ဆက်နိုင်ရေး ဆွေးနွေး

0
127

မြန်မာ – တရုတ် နှစ်နိုင်ငံကုန်သွယ်မှုတိုးမြှင့်ရန် ရထားလမ်းကွန်ရက်ချိတ်ဆက်ရေးနှင့်ပတ်သက်၍ နစက ဒု – ဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တဲဟုန်ပြည်နယ်ခွဲ ပြည်သူ့အစိုးရအုပ်ချုပ်ရေးမှူး Mr. Wei Gang တို့ ဇူလိုင်လ (၂၆) ရက်က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ယင်းသို့ တွေ့ဆုံစဉ် တရုတ်နိုင်ငံ၏ အမြန်ရထားလမ်းကွန်ရက်သည် ၂၀၂၇ ခုနှစ်တွင် ရွှေလီမြို့အထိ တည်ဆောက်ပြီးစီးမည်ဖြစ်၍ နှစ်နိုင်ငံကုန်သွယ်မှုတိုးမြှင့်ရန် မြန်မာနိုင်ငံ၏ ရထားလမ်းကွန်ရက်နှင့် ချိတ်ဆက်နိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် တဲဟုန်ပြည်နယ် မြိုတော်မန်စီနှင့် မန္တလေးခရီးစဉ်ကို Ruili Airline မှ တစ်ပတ်လေးကြိမ် ပြေးဆွဲမှု၊ မြန်မာအမျိုးသားလေကြောင်းမှ ရန်ကုန် – မန္တလေး – မန်စီ – မန္တလေး – ရန်ကုန်ခရီးစဉ်ကို တစ်ပတ်သုံးကြိမ် ပြေးဆွဲမှုအပြင် အလားအလာရှိသောမြို့များသို့ ခရီးသည်နှင့်ကုန်တင်လေယာဉ်များ ပိုမိုတိုးချဲ့ပြေးဆွဲရေးကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြသည်။

ထို့အတူ နယ်စပ်ဖြတ်ကျော်ပို့ဆောင်မှုများ လွယ်ကူချောမွေ့စေရေးအတွက် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးရေးနှင့် တရုတ်နိုင်ငံ ထွက်ကုန်များကို ရန်ကုန်ဆိပ်ကမ်းမှတဆင့် ဖြတ်သန်းပို့ဆောင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here