ဘိုကလေးမြို့တွင် နတ်ဆက်ထားသည့် အရက်သောက်ပြီး အမျိုးသား(၁)ဦး သေဆုံးမှု ဖြစ်ပွား

0
339

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့၊ သကံဝကျေးရွာတွင် ဇူလိုင်လ ၂၆ ရက်၊ ညနေပိုင်းက နတ်ဆက်ထားသည့် အရက်ကိုယူသောက်မိရာမှ အမျိုးသား (၁)ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ယင်းနေ့နေ့လည် ၁ နာရီခန့်တွင် သကံဝကျေးရွာနေ ဦးအောင်သက်ဦး(၄၀)နှစ်နှင့် ကိုကျော်မြင့်သိန်း(၃၄)နှစ်တို့သည် ဒေါ်တင်နု၏ နေအိမ်၌ အရက်သောက်နေစဥ် အရက်ကုန်သွားသဖြင့် ယင်းနေအိမ်တွင် နတ်ဆက်ထားသည့် အရက်အားယူ၍ သောက်သုံးခဲ့ကြကြောင်း သိရသည်။

“သေဆုံးသူနဲ့ အရက်အတူ သောက်တဲ့လူက တူဝရီးတွေပါ။ သူတို့ယူလာပြီး သောက်နေတဲ့အရက် ကုန်သွားတော့ နတ်ဆက်ထားတဲ့ အရက်ကိုယူသောက်ပြီး အိပ်ပျော်သွားကြတယ်တဲ့။ အဲဒီအချိန်အိမ်ရှင်ကလည်း အပြင်သွားနေတာ။ ညနေ ၄ နာရီလောက် အိမ်ရှင်ပြန်ရောက်လာပြီး နှိုးတော့ နှိုးလို့မရတော့ဘူး။ ဒါကြောင့် ရွာကလူကြီးတွေကို အကြောင်းကြားခဲ့ကြတာ။ သေဆုံးသူမှာက ပြင်ပဒဏ်ရာမရှိပါဘူး “ဟု ဒေသခံတစ်ဦးကပြောကြားသည်။

သေဆုံးသူမှာ ဦးအောင်သက်ဦး အသက် (၄၀)နှစ်ဖြစ်ပြီး ဖြစ်စဥ်အား ဘိုကလေးမြို့မရဲစခန်းမှ တာဝန်ရှိသူများက လာရောက်စစ်ဆေး၍ ရုပ်အလောင်းအား ဘိုကလေးမြို့ ခုတင်(၁၀၀)ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်၍ သေမှုသေခင်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here