မြန်မာ့တပ်မတော် နှင့် KIA တိုက်ပွဲများ ပြင်းထန်နေချိန် ​ရောက်ရှိလာသည့် မစ္စတာတိန့်၏ မြန်မာခရီးစဉ်သည် စစ်ရေးတင်းမာမှုများကို လျှော့ချနိုင်မည်လား

0
295

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုအပါအဝင် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး အကောင်အထည်ဖော်နိုင်ရန် တရုတ်နိုင်ငံ အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီကျွန်းနှင့် နစက ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးရာပြည့်တို့ ဇူလိုင်(၂၇)ရက်က ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းသို့ တွေ့ဆုံစဉ် မြန်မာ – တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တရုတ်သည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် အစဉ်တစိုက် စောင့်ကြည့်ကာပါဝင်ကူညီမှုများ လုပ်ဆောင်ပေးလျက်ရှိရာ ယခု မစ္စတာတိန့်ရှီကျွန်း၏ မြန်မာခရီးစဉ်သည် ငြိမ်းချမ်းရေးဖြစ်စဉ်ကို တိုးတက်သည့် အပြောင်းအလဲ ဖြစ်ပေါ်လာနိုင်ချေရှိကြောင်း သုံးသပ်မှုများလည်း ရှိသည်။

မစ္စတာ တိန့်ရှီကျွန်းသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နှစ်ဦးပိုင်းအတွင်းက မြောက်ပိုင်းမဟာမိတ် အဖွဲ့များနှင့် တွေ့ ဆုံကာငြိမ်းချမ်းရေး ၊ ဒေသတည်ငြိမ်အေးချမ်းရေး ၊ မူးယစ်ဆေးဝါးနှင့် လောင်းကစားမှုများ နှိမ်နှင်းရေးအပါအဝင် ကိစ္စရပ်များ ဆွေးနွေးခဲ့ကြသေးသည်။

အဆိုပါ တွေ့ဆုံမှုအပြီး မြောက်ပိုင်း မဟာမိတ် (၃) ဖွဲဖြစ်သည့် AA,TNLA, MNDAA အဖွဲ့တို့နှင့် ဒုဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့ မိုင်းလားတွင် တွေ့ဆုံနိုင်ခဲ့ကြသည်။

သို့သော် အဆိုပါ ဆွေးနွေးပွဲမှာ နှစ်ဖက်တင်ပြချက်များ ညှိနှိုင်းအဆင်မပြေ၍ စီစဉ်ထားသည့် (၃) ရက်ပြည့်အောင် မဆွေးနွေးနိုင်ဘဲ (၂) ရက်နှင့်သာ ဆွေးနွေးပွဲပျက်ခဲ့ရခြင်း ဖြစ်သည်။

ယခု မစ္စတာတိန့်၏ မြန်မာခရီးစဉ်သည် ကချင်လွတ်မြောက်ရေးတပ် KIA နှင့် မြန်မာ့တပ်မတော်တိုက်ပွဲများ ပြင်းထန်နေချိန်ဖြစ်သည့်အတွက် အဆိုပါ စစ်ရေးတင်းမာမှုများကို လျှော့ချနိုင်မည့် အလားအလာတွေ့ရကြောင်း သုံးသပ်မှုများလည်းရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here