ပြည်တွင်း၌ ရောင်းနေသည့် အလှကုန်ပစ္စည်းများကို FDA ကစျေးကွက်ကွင်းဆင်း စစ်ဆေးခဲ့ရာ မှတ်ပုံတင်ထားခြင်းမရှိသည့်အပြင် တားမြစ်ဓာတု ပစ္စည်းများ ပါဝင်နေ​သောထုတ်ကုန် ၁၅မျိုး တွေ့ရှိ

0
181

ယခု ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအတွင်း ပြည်တွင်းပြည်ပမှ တင်သွင်းထုတ်လုပ်သည့် အလှကုန်ပစ္စည်း အမျိုးပေါင်း (၁၅၀၀)ကျော်ကို မြန်မာနိုင်ငံ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က ခွင့်ပြုချက်ထုတ်ပေးထားပြီးဖြစ်သည်။

ပြည်ပမှ တင်သွင်းလာသည့် အလှကုန်ပစ္စည်းများအနက် တောင်ကိုရီးယား၊ ထိုင်း၊ တရုတ်၊ မလေးရှား၊ ဂျပန်၊ အိန္ဒိယ၊ UAE၊ ပြင်သစ်နိုင်ငံများမှ တင်သွင်းသည့် အလှကုန်ပစ္စည်းများ အများဆုံးခွင့်ပြုထားပြီး တူရကီ၊ ဗီယက်နမ်၊ ဂျာမနီ၊ ဖိလစ်ပိုင်၊ အီတလီ စသည့်နိုင်ငံများမှ တင်သွင်းလာသော အလှကုန်ပစ္စည်းများကိုလည်း ခွင့်ပြုချက်ထုတ်ပေးထားကြောင်း FDA ၏ အချက်အလက်အရ သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးကောင်းမွန်၍ ကျန်းမာရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းသော အလှကုန်ပစ္စည်းများကို အများပြည်သူသုံးစွဲနိုင်ရန် စနစ်တကျကွပ်ကဲစိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

FDA (အလှကုန်ဌာန)အနေဖြင့် ပြည်တွင်း၌ ရောင်းချနေသည့် အလှကုန်ပစ္စည်းများကို စျေးကွက်ကွင်းဆင်း စစ်ဆေးခဲ့ရာ စျေးကွက်အတွင်း ရောင်းချလျက်ရှိသည့် အလှကုန်ပစ္စည်းအမျိုးပေါင်း (၁၅)မျိုးသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ မှတ်ပုံတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓာတုပစ္စည်းများ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့၍ သုံးစွဲရန်မသင့်ကြောင်း အသိပေးကြေညာခဲ့ပြီးဖြစ်သည်။

အဆိုပါ တားမြစ်ဓာတုပစ္စည်းများသည် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ်ခြင်း၊ အရေပြားမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများ ဖြစ်ပွားနိုင်ကြောင်း FDA က အသိပေးထားသည်။

အလှကုန်ပစ္စည်းတင်သွင်းဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီနှင့် လက်လီလက်ကားဆိုင်များသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသော အများပြည်သူသုံးစွဲရန်မသင့်ကြောင်း ကြေညာထားသည့်အလှကုန်ပစ္စည်းများ၊ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းများကို ကျင့်ဝတ်အရ လုံး၀မပြုလုပ်ကြရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ(၃)၊ အပိုဒ်(၃)(ဃ)အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

Photo Credit- FDA


LEAVE A REPLY

Please enter your comment!
Please enter your name here