သီလဝါစက်မှုဇုန်ရှိ အဆောက်အအုံတစ်ခုတွင် မီးလောင်မှုဖြစ်ပွား

0
81

ရန်ကုန်တိုင်း၊ကျောက်တန်းမြို့နယ်၊သီလဝါစက်မှုဇုန်၊ကနောင်မင်းသားကြီးလမ်းရှိ အဆောက်အအုံတစ်ခုတွင် ဇူလိုင် ၂၉ ရက်(ယနေ့)နံနက် ၉ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

မီးလောင်မှုအား တောင်ပိုင်းခရိုင်မီးသတ်စခန်း၊သန်လျင်မြို့နယ်မီးသတ်စခန်း၊ကျောက်တန်းမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသော်လည်း မီးငြှိမ်းနိုင်ခြင်းမရှိသဖြင့် နံနက် ၉ နာရီ ၄၅ မိနစ်တွင် Level 1 အဆင့်ဖြင့် ထပ်မံငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ထို့ကြောင့် နံနက် ၁၀ နာရီ ၈ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၁၀ နာရီ ၁၉ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ထို့ပြင် ယနေ့နံနက် ၁၁ နာရီ ၅၅ မိနစ်ခန့်ကလည်း မှော်ဘီမြို့၊နတ်စင်လမ်းတွင်မီးလောင်မှုဖြစ်ပွား၍ မှော်ဘီမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရာ မွန်းတည့် ၁၂ နာရီ ၆ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး မွန်းတည့် ၁၂ နာရီ ၁၀ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းများနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးများအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here