မလေးရှားသင်္ဘောနစ်မြုပ်မှုတွင်ပါသွားသည့် မြန်မာနိုင်ငံသား လေးဦးကို အတည်ပြုနိုင်ရန် မိဘများထံမှ အချက်အလက်များ တောင်းခံထား 

0
276

မလေးရှားသင်္ဘောနစ်မြှုပ်မှုတွင်ပါသွားသည့် မြန်မာနိုင်ငံသား လေးဦးကို အတည်ပြုနိုင်ရန် မိဘများထံမှ အချက်အလက်များ တောင်းခံထားကြောင်း မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးစိုးမင်းအောင်က ပြောကြားသည်။

” ပျောက်ဆုံးသွားတဲ့ မြန်မာ (၄) ဦးရဲ့ မိသားစုဝင်တွေနဲ့ ဆက်သွယ်ပြီးတော့ ပျောက်ဆုံးသူတွေရဲ့ အချက်အလက်တွေ၊ DNA စစ်ဖို့အတွက် မိသားစုဝင်တွေရဲ့ ဆံပင်တွေကို ယူဆောင်ထားတာတွေ လုပ်ဆောင်ထားပါတယ်။ ပြည်တွင်းရေကြောင်းကိုယ်စားလှယ်ရုံးကနေတစ်ဆင့် သက်ဆိုင်ရာ မလေးရှားရေကြောင်းကိုယ်စားလှယ်ရုံးကို ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ လုပ်ပေးနေပါတယ်”ဟု ‌၎င်းကဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်တွင် မလေးရှားရေပိုင်နက် Pulau Burung ပင်လယ်ပြင်တွင် ကျောက်စရစ်များ တင်ဆောင်လာသည့် မလေးရှားကုန်တင်သင်္ဘော တစ်စီး နစ်မြှုပ်ခဲ့ပြီး မြန်မာသင်္ဘောသား (၄) ဦး အပါအဝင် (၉) ဦး ပျောက်ဆုံးသွားခဲ့ကာ လက်ရှိအချိန်အထိ ရုပ်အလောင်း (၅) လောင်းသာ ရှာဖွေတွေ့ရှိထားခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်တွင် ပျောက်ဆုံးသွားသည့် မြန်မာနိုင်ငံသား (၄) ဦးအတွက် အသက်အာမခံကြေးနှင့် လျော်ကြေးရရန် လုပ်ဆောင်ရာတွင် ခက်ခဲမှုများရှိ‌နေကြောင်းနှင့် လက်ရှိပျောက်ဆုံးနေသည့် မြန်မာသ‌င်္ဘောသားများ အလုပ်လုပ်သည့်သင်္ဘောမှာ အပြည်ပြည်ဆိုင်ရာ နိုင်ငံတကာသင်္ဘောလိုင်းများ မဟုတ်ဘဲ မလေးရှားပြည်တွင်းသင်္ဘောလိုင်းသာ ဖြစ်နေခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

Photo -မလေးရေကြောင်း ထိန်းသိမ်းရေး အေဂျင်စီ (Maritim Malaysia)


LEAVE A REPLY

Please enter your comment!
Please enter your name here