ရွှေဈေးတည်ငြိမ်ရေးအတွက် နိုင်ငံတော်နှင့် ရွှေလုပ်ငန်းရှင်များ လက်တွဲလုပ်ဆောင်ရမည်ဖြစ်

0
240

ရွှေဈေးနှုန်းတည်ငြိမ်ရေးအတွက် နိုင်ငံတော်နှင့် ရွှေလုပ်ငန်းရှင်များ အတူတကွ လက်တွဲလုပ်ဆောင်ရမည် ဖြစ်သဖြင့် ရွှေလုပ်ငန်းနယ်ပယ်မှ ပုဂ္ဂိုလ်များက “ ရွှေဈေးနှုန်းတည်ငြိမ်ရေးနှင့် တရားမဝင်ကူးသန်းရောင်းဝယ်ရေး မဖြစ်ပေါ်စေ‌ရေးအတွက် လုပ်ဆောင်ရန်အချက်များ” ကို​ဆွေး​နွေးစုစည်းကာ အကြံပြုချက်များအဖြစ်ပြုစုထားမူရှိသည်။

ရွှေသည် နေ့စဉ်စျေးနှုန်း ပြောင်းလဲနေကာ ကမ္ဘာ့ပေါက်ဈေး၊လွယ်ကူစွာဝယ်ယူရှိနိုင်သည့် ဒေါ်လာပေါက်ဈေး၊ အများပြည်သူ၏ ဝယ်လိုအား၊ ရောင်းလိုအား၊ ပြည်တွင်း ထုတ်လုပ်နိုင်မှု၊ အိမ်နီးချင်းနိုင်ငံများ၏လိုအပ်ချက်၊ နိုင်ငံရေး၊ စီးပွားရေး၊ သတင်းအချက်အလက်များအပေါ် မူတည်နေခြင်းဖြစ်၍ စျေးသတ်မှတ်ရန် ပုံသေနည်းမှာ ရိုးရှင်းမ​နေဘဲ ယခင်နေ့ ဈေးပေါ်မူတည်ပြီး ယနေ့ဈေးဖြစ်ပေါ်လာရန် တည်မှီ​နေသည့်အချက်များစွာရှိ​​နေသည်။

ရွှေ​စျေး ကမောက်ကမ ဖြစ်ပါက မှန်ကန်စွာ ရောင်းဝယ်လုပ်ကိုင်နေသူများနစ်နာဆုံးရှုံးရသဖြင့် ရွှေလုပ်ငန်းရှင်အများစုမှာ စျေးနှုန်းတည်ငြိမ်ရေးကို လိုလားကြသည်။

ရွှေဈေးကမောက်ကမဖြစ်ပါက ရွှေရောင်းဝယ်ရေးလုပ်ငန်းများရပ်သွားလေ့ရှိပြီး မြန်မာနိုင်ငံ၏ ရွှေဈေးမှာလည်း ကမ္ဘာ့ရွှေဈေးနှုန်းပေါ် တည်မှီတွက်ချက်ရန် ခက်ခဲသောအချက်များရှိသည်ဟု ဆိုကြသည်။

ကမ္ဘာ့ရွှေစျေးသည် စျေးနှုန်းတစ်ခုသာဖြစ်ပြီးပစ္စည်းလက်ရောက် ရနိုင်သည့် စျေးမဟုတ်ကြောင်း၊ ကမ္ဘာနှင့် နိုင်ငံတော်မှ စံထားသည့် ဂရမ်ချိန်နှင့် ကျပ်၊ပဲ၊ရွေး အလေးချိန်ပြောင်းသည့် ဂဏန်းသတ်မှတ်ချက်သည်လည်း မြန်မာနိုင်ငံ ရွှေကုန်သည်များ အသုံးပြုနေသည့် ကိန်းဂဏန်းနှင့် အနည်းငယ်ကွာခြားကာ ကမ္ဘာ့ရွှေဈေးနှုန်းကို မြန်မာ့ရွှေဈေးနှုန်းအဖြစ် ပြောင်းလဲရာတွင် ပုံသေထား တိုက်ရိုက်တွက်ချက်၍ မလွယ်ကြောင်းပြောကြသည်။

ရွှေဈေးတည်ငြိမ်ရေးအတွက် နိုင်ငံတော်နှင့် ရွှေလုပ်ငန်းရှင်များ လက်တွဲလုပ်ဆောင်သင့်သည့် အချက်များမှာ တရားဝင်မှတ်ပုံတင်၍ ရွှေနှင့်လက်ဝတ်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းလုပ်ဆောင်နေသော အခွန်ထမ်းလုပ်ငန်းရှင်များကို လွတ်လပ်စွာရောင်းဝယ်ခွင့်ပြုခြင်း၊ရွှေထုတ်လုပ်ခြင်းနှင့်လွတ်လပ်စွာ စီးဆင်းစေရန်အတွက် တိကျသော မူဘောင်များရှိခြင်း၊ ရွှေနှင့် လက်ဝတ်ရတနာများကို နိုင်ငံတကာသို့ တရားဝင် စည်းမျဉ်းစည်းကမ်းများအတိုင်း ရောင်းဝယ်စေခြင်း၊ ကာလတိုအကျိုးအမြတ်အတွက် အရပ်ဝယ်လက်မှ အရောင်းအဝယ် မပြုလုပ်စေခြင်း၊ နိုင်ငံတော်မှ အခွန်အခများ မှန်မှန်ကန်ကန်ရရှိစေရန်၊ ရွှေလုပ်ငန်းရှင်များနှင့် စားသုံးသူများကို အခွန်နှင့်ပတ်သက်သည်များ အသိပညာပေးခြင်းနှင့် အရေးယူဆောင်ရွက်ခြင်းတို့သည်အ​ထောက်ကူပြုမည်ဟုယူဆကြသည်။ 

ထို့ပြင် ရွှေနှင့်လက်ဝတ်ရတနာပစ္စည်းများကို ‌ကာလတို အနာဂတ်အတွက် ဈေးကစား အမြတ်ပေး ရောင်းဝယ်နေသောစနစ်ကို ထိန်းချုပ်ခြင်း၊
99.99% ရွှေအတုံးအခေါက်များကို ဈေးကွက် ဈေးဖြင့် မှန်ကန်စွာ တရားဝင်‌ရောင်းဝယ်နိုင်သည့် ဈေးကွက်တစ်ခုဖန်တီးပေးခြင်း၊ ဈေးနှုန်း အတက်အကျ ကမောက်ကမ ဖြစ်တိုင်းအကျိုးအမြတ်ရရှိနိုင်သောလုပ်ငန်း သဘောတရားများကို​စောင့်ကြည့်ထိမ်းချုပ်​ပေးခြင်း၊
ဈေးနှုန်း မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသော ရွှေလုပ်ငန်းရှင်များနှင့် ရွှေလုပ်ငန်းနှင့် သက်ဆိုင်သည့်အဖွဲ့အစည်းများကို​ဖော်ထုတ်​ခြင်း၊
နိုင်ငံရေး စီးပွားရေးအရ ဖြစ်ပေါ်လာသော အဖျက်အမှောင့်ကောလာဟလများကို အချိန်နှင့်တပြေးညီ ပပျောက်အောင် လုပ်ဆောင်ခြင်းတို့လည်းလိုအပ်သည်ဟုဆိုသည်။

ရွှေကို တရားမဝင်ကူးသန်း ရောင်းဝယ်ရေး မဖြစ်ပေါ်စေ‌ရေး၊ကြေးခဝါချမှုနှင့် အကြမ်းဖက်မှုတို့အား ‌ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး (AML/CFT) ဆိုင်ရာ အကောင်ထည်ဖော်ဆောင်ရွက်နေမှုများကိုအသိပညာပေးခြင်းနှင့် အရေးယူခြင်းများ၊ နယ်စပ်ဖြတ်ကျော်နှင့်‌ ရေကြောင်း၊ လေကြောင်း သယ်ပို့ခြင်း တရားမဝင်ရောင်းဝယ်မှုများကို ထိန်းချုပ်ပေးရန်၊  နိုင်ငံတကာနှင့် တရားဝင်ကူးသန်းရောင်းဝယ်နိုင်သော စနစ်တစ်ခုကို အကောင်အထည်ဖော်ဆောင်ရွက်ပေးရန်၊ နိုင်ငံတကာမှမြန်မာနိုင်ငံတွင် ရွှေနှင့်‌ ငွေလက်ဝတ်ရတနာထုတ်လုပ်ခြင်းနှင့် ပတ်သတ်သည့် ရင်းနှီးမြုပ်နှံမှု ပြုလုပ်နေသည့်ကုမ္ပဏီများအား စည်းမျဉ်းနှင့်အညီ လုပ်ဆောင်စေရေး ထိန်းညှိပေးရန်၊ တရားဝင်မှတ်ပုံတင် ရောင်းဝယ်ခွင့်ရှိသူထံမှ ဝယ်ယူထား‌သော ရွှေထည်ပစ္စည်းများသာလျှင် ရောင်းဝယ်ခွင့်ပြုရန် တို့ကိုလည်း အကြံပြုချက်အဖြစ်ပြုစုထား​ကြောင်းသိရသည်။

အစိုးရဖက်မှလည်း ရွှေအတွက် Mechanism ကို ရန်ကုန် ၊မန္တလေးတို့မှ ရွှေလုပ်ငန်ရှင်များအသင်း  တို့နဲ့အကြိမ်ကြိမ် ဆွေးနွေးထားသည်များရှိသည်။

တရားဝင်ရောင်းဝယ်သည့် စျေးကွက်တစ်ခုဖြစ်ဖို့ Gold Exchange Market နေရာကိုလည်း အစိုးရဖက်ကအကြံပြုထားပြီး Pricing ၊ Standard သတ်မှတ်ဖို့ရွှေလုပ်ငန်းရှင်များ၊ပညာရှင်များပါ​သောအဖွဲ့လည်းဖွဲ့ထား​ကြောင်းသိရသည်။

မူဝါဒချသူများ၊အ​ကောင်ထည်​ဖော်မည့်သူများ၊ လုပ်ငန်းလုပ်ကိုင်​နေသူများ၏ အပြန်အလှန်နားလည်မူ၊ပိုမို ပူး​ပေါင်းလုပ်​ဆောင်မူတို့ဖြင့် ​ရွှေ​စျေးကွက် တည်ငြိမ်မူရှိလာနိုင်မည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here