ရေကြီးရေလျှံဖြစ်ပေါ်နေသည့် တိုက်ကြီးမြို့နယ်၊ ဖလုံဘူတာကျေးရွာနေ ပြည်သူများအား ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ထားရ

0
150

ရေကြီးရေလျှံမှုဖြစ်ပေါ်နေသည့် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဖလုံဘူတာကျေးရွာနေ ပြည်သူများအား ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ထားရကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တိုက်ကြီးမြို့နယ်၊ ဖလုံဘူတာကျေးရွာတွင် ဇူလိုင်လ (၂၉)ရက်၊ ညနေပိုင်းမှစ၍ ရေကြီးရေလျှံမှုများ စတင်ဖြစ်ပေါ်ခဲ့ပြီး လူနေရပ်ကွက်များအတွင်း ရေဝင်ရောက်ခဲ့ခြင်းကြောင့် ဖလုံဘူတာကျေးရွာနေ ပြည်သူများအား ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ထားခြင်းဖြစ်ကြောင်း သိရသည်။

ဖလုံဘူတာအနောက်ပိုင်းတွင် နေထိုင်သူအချို့မှာ ၎င်းတို့မိသားစုအတွင်း သက်ကြီးရွယ်အိုနှင့် ကလေးငယ်များရှိခြင်းကြောင့် ကူညီရွှေ့ပြောင်းပေးရန် ယင်းနေ့ ညနေပိုင်းက လူမှုကူညီရေးအဖွဲ့များထံ စတင်အကူအညီတောင်းခံခဲ့ကြောင်းနှင့် နေအိမ်ပြင်ပတွင်လည်း ရေမှာ (၅)ပေခန့်အထိ ရှိလာသည့်အတွက် ဘေးကင်းရာသို့ လျင်လျင်မြန်မြန် ရွှေ့ပြောင်းပေးခဲ့ရကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ သိရသည်။

“မိုးရွာသွန်းမှုကများတော့ ရေကြီးရေလျှံတာတွေ ဖြစ်လာနိုင်တယ်လို့ ကျွန်တော်တို့အနေနဲ့ ခန့်မှန်းမိတယ်။ ဒါကြောင့် အသင်းခွဲငယ်ရုံးမှာ မနက်ကတည်းက လိုအပ်တာတွေ ပြင်ဆင်ခဲ့ကြတယ်။ ညပိုင်းမှာ ရေက သိသိသာသာ မြင့်တက်လာတဲ့အတွက် တိုက်ကြီးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူးနဲ့အတူ ဥက္ကံအသင်းခွဲငယ် ဥက္ကဋ္ဌတို့ ဦးဆောင်ပြီး ကျွန် တော်တို့ ရှိသမျှအင်အားနဲ့ ဒေသခံလူမှုကူညီရေးအသင်း အဖွဲ့တွေရယ်၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေရယ် အားလုံး ပေါင်းပြီး အရေးပေါ်ပြောင်းရွှေ့တာတွေ စတင်ဆောင်ရွက်ခဲ့ပါတယ်။ လတ်တလောမှာတော့ အသင်းခွဲငယ်က စက်လှေနဲ့ ရွာထဲကလူတွေကို လိုက်လံခေါ်ဆောင်ပြီး ဘေးလွတ်ရာစုရပ်ကို ရွှေ့ပြောင်းပေးထားပါတယ်” ဟု မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် ဖလုံဘူတာ ကျေးရွာတစ်ခုလုံးတွင် နေရာအနှံ့ရေများဖုံးလွှမ်းနေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here