ဧရာဝတီတိုင်းမှ ထွက်ရှိသည့် အုန်းသီး ၅၄ ရာခိုင်နှုန်းခန့်ကို ပြည်တွင်း၊ ပြည်ပနိုင်ငံများသို့ တင်ပို့နေ

0
186

ဧရာဝတီတိုင်း ဒေသကြီးမှ ထွက်သည့် အုန်းသီးများကို ပြည်တွင်းသာမက ပြည်ပနိုင်ငံများသို့ပါ တင်ပို့လျက်ရှိကြောင်း ဧရာကုန်သွယ်မှု ဗဟိုဌာနမှ သိရသည်။

မိရိုးဖလာ စိုက်ပျိုးထားသည့် နှစ်ရှည်အုန်းပင်များမှ ထွက်ရှိသည့် အုန်းသီးများကို တင်ပို့နေခြင်းဖြစ်ပြီး စုစုပေါင်း ထွက်ရှိမှုနှုန်း၏ ၅၆ ရာခိုင်နှုန်းကို ဒေသအတွင်း၌ပင် စားသုံးလျက်ရှိကြောင်း သိရသည်။

“တစ်နှစ်ကို အုန်းသီးအလုံးရေ သန်း ၁၃၀ လောက် ထွက်တာမှာမှ ၅၆ ရာခိုင်နှုန်းက ဒေသတွင်း စားသုံးတာပါ။ ၅၄ ရာခိုင်နှုန်းကတော့ ကျန်တဲ့တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေကို တင်ပို့ရောင်းချပါတယ်။ မိရိုးဖလာ စိုက်ခင်းတွေကထွက်တဲ့ နှစ်ရှည်အုန်းတွေပါ။ ဧရာဝတီကနေ တခြားတိုင်းတွေကို‌ပေါ့ ၊ အဓိက ရန်ကုန်ပေါ့၊ မန္တလေးကိုလည်း တင်ပို့ရောင်းချတာရှိသလို ဘင်္ဂလားဒေ့ရှ်ကလည်း တိုက်ရိုက်လာဝယ်တာတွေ ရှိပါတယ်။” ဧရာကုန်သွယ်မှု ဗဟိုဌာနမှတာဝန်ခံ ဦးနေဝင်းစိုးက ပြောသည်။

လက်ရှိတွင် ပြည်တွင်းဈေးကွက်အတွက် ရန်ကုန်၊ မန္တလေးနှင့် တာချီလိတ် စသည့်နယ်စုံကို တင်ပို့နေသော်လည်း ဘင်္ဂလားဒေ့ရှ်ကိုတော့ ရာသီချိန်ဖြစ်သည့် ဇန်နဝါရီလမှစတင်ကာ တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်တွင်း၌ အုန်းပင်ကို ပင်လယ်ကမ်းရိုးတန်းဒေသများတွင် အများဆုံး စိုက်ပျိုးပြီး တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် တစ်နှစ်လျှင် အုန်းသီး အလုံးရေ သန်း ၄၀ဝ ကျော်ထွက်ရှိကာ ပြည်တွင်းစားသုံးမှုအနေဖြင့် အထွက် နှုန်း၏ ၈၃ ရာခိုင်နှုန်းကျော်ရှိကြောင်း မြန်မာနိုင်ငံ အုန်းသီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။

မြန်မာနိုင်ငံမှထွက်ရှိသည့် အုန်းသီးများကို ပြည်ပနိုင်ငံများသို့ တင်ပို့ရာတွင် ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ်အတွင်း၌ အမေရိကန် ဒေါ်လာ ဝ ဒသမ ဝ၈၂ သန်းတန်ဖိုးရှိ အုန်း သီး ၂၀၆ တန် တင်ပို့နိုင်ခဲ့သည့်အပြင် ပြီးခဲ့သည့် ၂၀၂၂ -၂၀၂၃ ဘဏ္ဏာနှစ် ဧပြီလမှ စက်တင်ဘာလအထိ အမေရိကန်ဒေါ်လာ ဝ ဒသမ ၁၂၈ သန်း တန်ဖိုးရှိ အုန်းသီး ၃၁၉ တန် တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here