လိုအပ်သည့် စစ်ဆင်ရေးနှင့် နယ်မြေစိုးမိုးရေးကို ထိထိရောက်ရောက် ဆောင်ရွက်သွားမည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ပြော

0
207

တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လိုအပ်သည့် စစ်ဆင်ရေး၊ လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးကိစ္စများကို ထိထိရောက်ရောက်ဆက်လက်လုပ်ဆောင်ပြီး ရှေ့လုပ်ငန်းစဉ် အောင်မြင်ရေး ကြိုးပမ်းဆောင်ရွက်သွားရဦးမည် ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားလိုက်သည်။

ဇူလိုင်လ(၃၁)ရက် နံနက်ပိုင်းက ‌ကျင်းပသည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်း အဝေးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တင်ပြဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ လုံခြုံမှုကို ပြည်ထောင်စုတစ်ဝန်းလုံး ရရှိခံစားနိုင်စေရန်၊ တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ဟန်ချက်ညီ ရရှိနိုင်စေရန် စစ်ဆင်ရေးနယ်မြေများ ကြေညာကာ လိုအပ်သည့်နယ်မြေများအလိုက်
စစ်အုပ်ချုပ်ရေးနယ်မြေများ သတ်မှတ်ကာ တည်ဆဲတရား ဥပဒေများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်းလည်းထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် လက်ရှိကာလတွင် CRPH ၊ NUG နှင့် PDF အပါအဝင် အချို့ EAO အဖွဲ့များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် အကြမ်းဖက် တိုက်ခိုက်မှုမျိုးစုံကို လုပ်ဆောင်လျက်ရှိသည့်အတွက် တပ်မတော်အနေဖြင့် လိုအပ်သည့်စစ်ဆင်ရေး လုပ်ငန်းများဆောင်ရွက်ပြီး နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်းလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်း ပြောကြားသွားသည်။

ယင်းကဲ့သို့ အကြမ်းဖက်မှုများ ဆောင်ရွက်နေခြင်းသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာကို တိုက်ရိုက်တိုက်ခိုက်ခြင်းဖြစ်ပြီး ပြည်သူတစ်ရပ်လုံးအပေါ်အကြမ်းဖက်မှု ကျူးလွန်ခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ထို့အပြင် အကြမ်းဖက်လုပ်ရပ်များကြောင့် အပြစ်မဲ့ပြည်သူများ၊ ဝန်ထမ်းများသေကြေမှုသည် ပြည်သူကို အညှာအတာ ကင်းမဲ့စွာ၊ လူသားမပီသစွာ၊ ရက်စက်ကြမ်းကြုတ်မှုများနှင့် သတ်ဖြတ်ခြင်းဖြစ်သကဲ့သို့ ဖျက်ဆီးမှုများသည်လည်း တိုင်းပြည်၏ ဖွံ့ဖြိုးမှုနှင့်လူမှုစီးပွားပျက်စီးအောင် ဆောင်ရွက်မှုများဖြစ်သဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထပ်ဆင့်ကုန်ကျမှုများကိုပါ ဖြစ်ပေါ်စေကြောင်းလည်း ထည့်သွင်း ပြောကြားသွားသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက်နောက်ပိုင်းမှစတင်ကာ စစ်ကိုင်း၊ မကွေး၊ ကရင်ပြည်နယ် အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့မှ မြို့နယ်ပေါင်း (၄၀) ဝန်းကျင်ကို စစ်အုပ်ချုပ်ရေး ကြေညာကာ နယ်မြေစိုးမိုးရေးလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here