နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးဝင်းမြင့်တို့အား ပြစ်ဒဏ်အချို့ လျှော့ပေး

0
108

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက်က စတင်ထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အား ချမှတ်ထားသည့် ပြစ်ဒဏ်များထဲမှ အချို့ကို လျှော့ပေးလိုက်သည့်အမိန့်စာများယ​နေ့ထုတ်ပြန်လိုက်သည်။

ယနေ့ ဩဂုတ်လ (၁) ရက်တွင် ကျရောက်သည့် ဒုတိယ ဝါဆိုလပြည့်နှင့် မာရဝိဇယ ရုပ်ပွားတော် တည်ဆောက်ပြီးစီးမှု အထိမ်းအမှတ်အနေဖြင့်(ဘုရားကြီးအဖြစ်ထုဆစ်မည့် စကျင်​ကျောက်ကြီးများအား သယ်​ဆောင်ရာတွင် လမ်းတံတားအသုံးပြုခွင့်ကို NLD အစိုးရလက်ထက်က ခွင့်ပြုလုပ်​ဆောင်​စေခဲ့ခြင်းဖြစ်သည်) ယင်းကဲ့သို့ လျှော့ပေါ့ပေးလိုက်ခြင်း ဖြစ်ကြောင်းနေပြည်တော်အသိုင်းအဝိုင်းမှ စုံစမ်း သိရသည်။

ပုဒ်မပေါင်း (၁၉) ခုဖြင့် ထောင်ဒဏ် (၃၃) နှစ် ချမှတ်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်အား ပုဒ်မ (၅) ခုအတွက် ချမှတ်ထားသည့် ပြစ်ဒဏ်များကို လွတ်ငြိမ်းခွင့် ပေးလိုက်ခြင်း ဖြစ်ပြီး ဦးဝင်းမြင့်အား ပုဒ်မ နှစ်ခုအတွက် ပြစ်ဒဏ်များကို လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း နစက က သတင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်အကျဉ်းထောင်တွင် ထိန်းသိမ်းထားရာမှ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ကြောင်း သတင်းများ ကျယ်ကျယ်ပြန်ပြန့် ထွက်ပေါ်ခဲ့ပြီး နစက ဘက်မှအတည်ပြုထားခြင်း မရှိသေးပေ။

ယနေ့တွင် နိုင်ငံတဝန်းရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား (၇၇၄၉) ကျော်ကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးခဲ့ပြီး အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား (၁၀၀၀) ဝန်းကျင် ပြန်လည်လွတ်မြောက်မည်ဖြစ်ကြောင်းလည်း အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများထံမှ စုံစမ်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here