ပေကျင်း၌မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်း၊ လူ ၁၁ ဦးသေဆုံးပြီး ၂၇ ဦးပျောက်ဆုံးနေ

0
105

ပေကျင်း၊ဩဂုတ် ၁

တရုတ်နိုင်ငံ ပေကျင်းမြို့၌ တိုင်ဖွန်းမုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများဖြစ်ပေါ်၍ လက်ရှိအချိန်အထိ လူ ၁၁ ဦးသေဆုံးကာ ၂၇ ဦးပျောက်ဆုံးနေကြောင်း သက်ဆိုင်ရာအာဏာပိုင်များကပြောကြားခဲ့သည်။

သေဆုံးသူများအနက် နှစ်ဦးမှာ ကယ်ဆယ်ရေးလုပ်သားနှစ်ဦးဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းလုပ်နေစဉ်အတွင်း သေဆုံးသွားကြခြင်းဖြစ်ကြောင်းသိရသည်။အန္တရာယ်များသောဒေသများရှိ ဒေသခံပြည်သူ တစ်သိန်းကျော်ကိုလည်းဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးထားကြောင်း တာဝန်ရှိသူများ၏ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

သက်ကြီးဒေသခံပြည်သူတစ်ဦးကမူ ၂၀၁၂ ခုနှစ်ကဖြစ်ပေါ်ခဲ့သည့်ရေကြီးရေလျှံမှုနောက်ပိုင်း ယခုလောက်ဆိုးရွားသော သဘာဝဘေးအန္တရာယ်မျိုးတစ်ခါမှမကြုံဖူးသေးဟုလည်းပြောကြားခဲ့သည်။

အင်္ဂါနေ့တွင်လည်း သက်ဆိုင်ရာတာဝန်ရှိသူများက တပ်မတော်သား ၂၆ ဦးနှင့်စစ်ရဟတ်ယာဉ်လေးစင်းတို့ပါသည့် အဖွဲ့ဖြင့် ရာနှင့်ချီသောရိက္ခာထုပ်များဖြင့် ရေဘေးအဆိုးရွားဆုံးထိခိုက်ခဲ့သည့်ဒေသသို့သွားရောက်ကာ အကူအညီပေးခဲ့ကြသည်။

ရေဘေးဒဏ်ပြင်းပြင်းထန်ထန်ခံစားနေရသည့်ဒေသများရှိပြည်သူများအား အကောင်းမွန်ဆုံးဆက်ဆံရန်လည်း သမ္မတရှီကျင့်ဖျင်က ဒေသဆိုင်ရာအာဏာပိုင်များအားမှာကြားထားကြောင်းသိရသည်။

ရေဘေးဒဏ်သင့်ဒေသများရှိ အိမ်ထောင်စုပေါင်း တစ်သိန်းခွဲကျော်သည်လည်း အရေးပေါ်သောက်သုံးရေပြတ်တောက်နေသဖြင့် ရေကား ၄၅ စီးဖြင့်နေ့စဉ်ကူညီထောက်ပံ့ပေးနေကြောင်းလည်း တာဝန်ရှိသူများကပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် အစွန်းရောက်ရာသီဥတုပြင်းထန်မှု၏ဒဏ်ကိုခံစားနေရပြီး ယခုနှစ်နွေရာသီ၌လည်း အပူချိန်စံချိန်တင်မြင့်တက်ခဲ့သေးကြောင်းသိရသည်။ သိပ္ပံပညာရှင်များကမူ ယခုကဲ့သို့‌သောဖြစ်စဉ်များသည် ကမ္ဘာပေါ်၌ဖြစ်ပွားမှုများလာပြီး ပိုမိုပြင်းထန်လာခြင်းသည် ကမ္ဘာ့ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းများကြောင့်ဖြစ်သည်ဟု ထောက်ပြထားကြသည်။

Source : အေအက်ဖ်ပီ/အာဂျေ/အယ်လ်ကေ


LEAVE A REPLY

Please enter your comment!
Please enter your name here