စင်္ကာပူ၌ သားသမီး များအား ရေနွေးပူဖြင့်ပက်မှုဖြင့် မိခင်ကို တရားစွဲ

0
132

စင်္ကာပူ၊ဩဂုတ် ၁

စင်္ကာပူနိုင်ငံမှအမျိုးသမီးတစ်ဦးသည် အသက် ၈ နှစ်မှ ၁၁ နှစ်အရွယ်ရှိ၎င်း၏ကလေးငယ်လေးယောက်အား ရေနွေးပူဖြင့်ပက်မှုကြောင့် ကလေးငယ်များအား မီးလောင်ဒဏ်ရာများခန္ဓာကိုယ်ပေါ်တွင်ဖြစ်ပေါ်စေခဲ့သဖြင့် တရားစွဲဆိုခံထားရကြောင်းသိရသည်။

အသက် ၃၃ နှစ်အရွယ်ရှိအဆိုပါအမျိုးသမီးအား ၎င်း၏ကလေးငယ်များကိုဆိုးရွားစွာဆက်ဆံမှု​ကြောင့်ပြစ်မှုလေးခုဖြင့်တရားစွဲဆိုထားသည်ဟုလည်းသိရသည်။

စွဲချက်များအရ အဆိုပါကလေးငယ်များသည် ယမန်နှစ်ဇူလိုင်လ ၂ ရက်နေ့ နံနက် ၆ နာရီမှ ၉ နာရီ ၃၀ မိနစ်အချိန်များအတွင်း ၎င်းတို့နေထိုင်ရာတိုက်ခန်းအတွင်း၌ ကျူးလွန်ခံခဲ့ရခြင်းဖြစ်သည်ဟုလည်းသိရသည်။

အဆိုပါအမျိုးသမီးသည် အသက် ၈ နှစ်၊၁၀ နှစ်နှင့် ၁၁ နှစ်အရွယ်ရှိ ၎င်း၏ သမီးများအားရေနွေးပူဖြင့်ပက်ခဲ့ခြင်းဖြစ်ပြီး အသက် ၉ နှစ်အရွယ်ရှိ၎င်း၏သားဖြစ်သူကိုလည်း ထိုနည်းအတိုင်းပင်ကျူးလွန်ခဲ့သည်ဟုဆိုသည်။

ထိုသို့ပြုလုပ်ခံခဲ့ရသဖြင့် ကလေးငယ်များ၏ လက်များ၊ရင်ဘတ်များနှင့်ပေါင်များတွင် အပူလောင်ဒဏ်ရာများရရှိခဲ့ကြောင်းလည်းဖော်ပြထားသည်။

ကလေးငယ်လေးယောက်အနက် အသက် ၁၀ နှစ်အရွယ်ရှိမိန်းကလေးငယ်သည် အဆိုးရွားဆုံးဒဏ်ရာရရှိထားပြီး ၎င်း၏ဘယ်ဘက်လက်မောင်း၊ဝမ်းဗိုက်နှင့်ပေါင်နှစ်ဖက်တွင် အပူလောင်ဒဏ်ရာများရရှိခဲ့သည်ဟုသိရသည်။

အစိုးရရှေ့နေများကအဆိုပါအမျိုးသမီးအား အာမခံငွေ စင်္ကာပူဒေါ်လာ ၁၅,၀၀၀ ပေးဆောင်စေခဲ့ပြီး ကလေးများနှင့်အဆက်သွယ်မလုပ်ရန်ညွှန်ကြားထားသည်။ အဆိုပါအမျိုးသမီးသည် ကလေးများနှင့်၎င်းတစ်ဦးတည်းသာနေခြင်းဖြစ်ပြီး အိမ်ထောင်ကွာရှင်းထားခြင်းလည်းဖြစ်ကြောင်းပြောကြားခဲ့သည်။

၎င်းအမှုအား ယခုလကုန်ပိုင်းတွင် ထပ်မံကြားနာစစ်ဆေးမည်ဖြစ်ပြီး ပြစ်မှုထင်ရှားပါက ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဥပဒေနှင့်အညီ ပြစ်ဒဏ်ကျခံရမည်ဖြစ်ပြီး ထောင်ဒဏ်ရှစ်နှစ်အထိဖြစ်စေ၊စင်္ကာပူဒေါ်လာ ရှစ်ထောင်ဒဏ်ငွေဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်နိုင်ကြောင်းလည်းသိရသည်။

Source : စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here