မြန်မာနိုင်ငံသည် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရေးနှင့် နျူကလီးယားကင်းစင်သော ကမ္ဘာကြီးဖြစ်လာရေးအတွက် အဖွဲ့ဝင်နိုင်ငံများနှင့်အတူ စုပေါင်းဆောင်ရွက်သွားရန်အပြည့်အဝသံန္နိဋ္ဌာန်ချထား

0
162

မြန်မာနိုင်ငံသည် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရေးနှင့် နျူကလီးယားကင်းစင်သော ကမ္ဘာကြီးဖြစ်လာရေးအတွက် အဖွဲ့ဝင်နိုင်ငံများနှင့်အတူ စုပေါင်းဆောင်ရွက်သွားရန် အပြည့်အဝသံန္နိဋ္ဌာန်ချထားကြောင်း ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်းက ပြောသည်။

ဗီယင်နာမြို့တွင် ဇူလိုင်လ ၃၁ ရက်မှ စတင်ကျင်းပလျက်ရှိသော နျူကလီးယားလက်နက်မပြန့်ပွားရေးစာချုပ် (NPT) အဖွဲ့ဝင် နိုင်ငံများ၏ (၁၁)ကြိမ်မြောက် ပြန်လည်သုံးသပ်ရေးညီလာခံအတွက် ပထမအကြိမ် ကြိုတင်ပြင်ဆင်ရေးကော်မတီအစည်းအဝေး၏ မူဝါဒဆိုင်ရာအထွေထွေဆွေးနွေးမှု (General Debate) ၌ ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့်အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်းက မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် NPT စာချုပ်နှင့်အညီ နျူကလီးယားလက်နက်ဖျက်သိမ်းရေးနှင့် မပြန့်ပွားရေးမူဝါဒကို အစဉ်ကိုင်စွဲဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသတွင်းဆောင်ရွက်ချက်အဖြစ် အရှေ့တောင်အာရှဒေသ နျူကလီးယားလက်နက်ကင်းမဲ့ဇုန်သဘောတူစာချုပ် (SEANWFZ) အကောင်အထည်ဖော်မှု ပိုမိုခိုင်မာစေရေးအတွက် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ ကြိုးပမ်းလျက်ရှိကြောင်းနှင့် NPT ၏ အပိုဒ် (၇)နှင့်အညီ နျူကလီးယားလက်နက်ကင်းမဲ့ဇုန်များ ထူထောင်လိုသည့် အခြားဒေသများကိုလည်း ထောက်ခံကြောင်း မြန်မာအမြဲတမ်းကိုယ်စားလှယ်က ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA)နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ IAEA ၏ မြန်မာနိုင်ငံသို့ နည်းပညာအကူအညီများပံ့ပိုးပေးနေမှုအပေါ် ကျေးဇူးတင်ရှိကြောင်း၊ နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုအဖြစ် မြန်မာနိုင်ငံသည် “နျူကလီးယားမတော်တဆမှု (သို့မဟုတ်) ဓာတ်ရောင်ခြည် ပြန့်ပွားမှုအရေးပေါ်အခြေအနေတွင် ကူညီထောက်ပံ့ရေးဆိုင်ရာကွန်ဗင်းရှင်း (The Assistance Convention)” ကို ၂၀၂၂ ခုနှစ် ဧပြီလ ၄ ရက်၌ စတင်ပါဝင် (Accede) ခဲ့ကြောင်း မြန်မာသံအမတ်ကြီးကပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် “နျူကလီးယားလက်နက်တားဆီးပိတ်ပင်ရေးစာချုပ် (TPNW)” ကို ၂၀၁၈ ခုနှစ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here