ယခုနှစ်တွင် ပုဂံသို့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် သုံးသန်းခန့်လာရောက်ရန် မျှော်မှန်းထား

0
154

ယခုနှစ်တွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသသို့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် သုံးသန်းခန့် လာရောက်ရန် မျှော်မှန်းထားကြောင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန(ပုဂံဌာနခွဲ)မှ သိရသည်။

“၂၀၂၂ ခုနှစ်မှာ ပုဂံ ခရီးသွားဧည့်သည် ၁ ဒသမ ၀၈ သန်း ဝင်ရောက်ခဲ့ပါတယ်။ အခု ၂၀၂၃ ဇန်နဝါရီလကနေ ဇွန်လအထိ ခရီးသွားဧည့်သည်က ၁ ဒသမ ၁၆ သန်းထိ ဝင်ရောက်ခဲ့တာကို တွေ့ရပါတယ်။ ဒါကြောင့် ဒီနှစ် ခြောက်လအတွင်းမှာ မနှစ်ကဝင်ရောက်လာတဲ့ ခရီးသွားဧည့်သည်ရဲ့ နှုန်းကို ကျော်သွားပြီဖြစ်လို့ ဒီနှစ်ခရီးသွား ဧည့်သည် သုံးသန်းလောက် လာရောက်မယ်လို့ မျှော်မှန်းထားပါတယ်”ဟု ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံဌာနခွဲ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းအောင်က နိုင်ငံပိုင်သတင်းဌာနသို့ ပြောကြားထားသည်။

လက်ရှိတွင် ပုဂံဒေသကို ပြည်တွင်းခရီးသွားအများဆုံးလာရောက်ပြီး ကိုဗစ်ကာလနှင့် နိုင်ငံရေးအခြေအနေများကြောင့် ပြည်ပခရီးသွားဧည့်သည်ဝင်ရောက်မှု နည်းပါးခဲ့ခြင်းဖြစ်သည်။

ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင်ပြည်တွင်း၊ ပြည်ပ ခရီးသွားများအား ပိုမိုဆွဲဆောင်နိုင်မည့် ခရီးစဉ်ဒေသ(၇)ခုကိုလည်း ဖော်ဆောင်ထားကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်ဒေသများမှာ မိနစ် (၃၀)ခန့် တက်ရသည့် တုရင်တောင်တက်ခရီးစဉ်၊ နှစ်ပေါင်း (၉၀၀)ခန့် သက်တမ်းရှိ မန်းကျည်းပင်ကိုးဝနှင့် အေဒီ ‌(၁) ရာစုခန့်က သံချပ်ဖိုတည်ရှိရာ ဇီးအူလှကျေးရွာ၊ စက်စက်ယိုကျေးရွာ၊ ပုပ္ပါးတောင်အနီးရှိ တောင်တက်ခရီးစဉ်၊ နေဝင်အလှကြည့်နိုင်သည့် မြင်းကပါကျေးရွာ၊ ခဲမူးအိုင်ခရီးစဉ်နှင့် ကျေးရွာအခြေပြု ရွှေနံ့တောင်ခရီးစဉ်တို့ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here