ငွေရှင်းပြေစာများတွင် အခွန်တံဆိပ် ကပ်နှိပ်ခြင်းမရှိသည့်ဆိုင်များကို တိုင်ကြားနိုင်

0
210

စားသောက်ဆိုင်၊ ဟိုတယ်နှင့်တည်းခိုခန်း၊ ရုပ်သံမီဒီယာ၊ ရွှေဆိုင်၊ ဖုန်းဆိုင်များမှ ငွေရှင်းပြေစာ (Voucher) များတွင် ကျသင့်အခွန်တံဆိပ်ကပ်နှိပ်ခြင်းမရှိပါက တိုင်ကြားနိုင်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန လက်အောက်ရှိ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ဖော်ပြပါ လုပ်ငန်းများသည် ပြေစာ သို့မဟုတ် ငွေလက်ခံရရှိကြောင်း အထောက်အထားများတွင် သတ်မှတ်ချက်များနှင့်အညီ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရန် ပျက်ကွက်ခြင်းအတွက် သတင်းပေး တင်ပြသူဘက်မှ စာရွက်စာတမ်း အထောက်အထားဖြင့်ဖြစ်စေ၊ အသံဖိုင်အထောက်အထားဖြင့်ဖြစ်စေ တင်ပြတိုင်ကြားနိုင်ကြောင်း သိရသည်။

စားသောက်ဆိုင်၊ ဟိုတယ်နှင့်တည်းခိုခန်း၊ ရုပ်သံမီဒီယာ၊ ရွှေဆိုင်များမှ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရန် ပျက်ကွက်ခြင်းအတွက် တင်ပြလာခြင်းဖြစ်ပါက သတင်းပေးသူအား တပ်ရိုက်သည့် ဒဏ်ကြေးငွေ ၏ ၃၀ ရာခိုင်နှုန်းအားလည်းကောင်း၊ လက်ကိုင်ဖုန်း (Handset) များ ရောင်းချခြင်းအတွက် သတ်မှတ်ချက်များနှင့်အညီ အခွန်တံဆိပ်ကပ်နှိပ်ရန် ပျက်ကွက်ခြင်းအတွက် သတင်းပေးတင်ပြသူအား ၂၀ ရာခိုင်နှုန်းကိုလည်းကောင်း ဆုကြေးငွေအဖြစ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စားသုံးသူများအနေဖြင့် အထက်ပါ လုပ်ငန်းရှင်များထံသို့ ကျသင့်ငွေ ပေးချေချိန်တွင် အခွန်အမှတ်တံဆိပ်ကပ်ထားသော ပြေစာကို တောင်းယူခြင်းဖြင့်လည်းကောင်း၊ လုပ်ငန်းရှင်များကလည်း စားသုံးသူက တောင်းခံသည်ဖြစ်စေ၊ မတောင်းခံသည်ဖြစ်စေ၊ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ထားသော ပြေစာများကို မဖြစ်မနေ ထုတ်ပေးခြင်းဖြင့်လည်းကောင်း ပူးပေါင်းပါဝင်လိုက်နာ ဆောင်ရွက်ကြရန်လည်း ပြည်တွင်းအခွန်များ ဦးစီးဌာနက အသိပေးကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here